သံလွင်ခက်
နိုဝင်ဘာ ၆၊ ၂၀၂၄။
စစ်ကိုင်တိုင်း၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနှင့် သူ၏ မိသားစုဝင်နှစ်ဦးအသတ်ခံရမှုအပေါ် တရားမျှတမှုရှိရေး ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဦးဝင်းဌေး သည် တပုန်းကျေးရွာတွင်ရှိသည့် သူ၏နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့နှင့်အတူ နြိဝင်ဘာ ၄ရက် ညအချိန်က သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်နေသူ ဆရာနှင့် သူ၏မိသားစုအား ယခုကဲ့သို့ တရားလက်လွတ် ရက်ရက်စက်စက် မတရားသတ်ဖြတ်ခံရခြင်းအမှုနှင့်ပတ်သက်ပြီး တရားမျှတမှုအတွက် ထိထိရောက်ရောက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုထားသည်။
ထို့အပြင် မည်သည့်အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ မည်သည့်လူပုဂ္ဂိုလ်ကဖြစ်စေ လူသတ်မှုကျူးလွန်ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး အသေးစိတ်မှတ်တမ်းတင်ထားပြီး ကျုးလွန်သူများကို ဖော်ထုတ်သွားမည်ဟု ကတိပြုထားသည်။
ပုံစာ-ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးအား အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်
Photo-Board of Kani Education