မောင်ဘဦး
နိုဝင်ဘာ ၅၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အင်းတဲရွာက အသက် ၇၀ အရွယ် ဒေသခံတဦးကို စစ်ကောင်စီက ဦးခေါင်းဖြတ်သတ်ခဲ့သည်ဟု ရပ်ကျေးပအဖအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင် အဆိုပါအမျိုးသားကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကာ သေဆုံးသူကို အောက်တိုဘာ ၃၁ ရက်တွင် ရပ်ကျေးပအဖအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“သေဆုံးသူဦးလေး အလောင်းကို အောက်တိုဘာလ ၃၁ ကတွေ့တာ။ အလောင်းက ပုပ်နေပြီ ကိုင်လို့မရလောက်အောင်ပဲ” ဟု ၎င်းက ပြောသည်။
အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် ဘုတလင်မြို့နယ်ရှိ ကျေးရွာများသို့ အဝင်အထွက်ရှိနေပြီး ဒေသခံ ၁၅,၀၀၀ ခန့်မှာ နေရပ်မပြန်နိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ဘေးရှောင်အရေးကူညီသူများထံမှ သိရသည်။
” စစ်ရှောင်ရက်က အချို့ဆို တလခွဲကျော်ကြာပြီ။ ကျွန်မတို့လည်း ကူနိုင်သလောက်တော့ကူနေတယ်၊ လောက်ငှမှုတော့မရှိဘူး။ ရာသီအကူးပြောင်းရော၊ စိတ်မချမ်းမြေ့မှုရောကြောင့် သက်ကြီးရွယ်အိုတွေ စစ်ရှောင်ရင်း သေဆုံးပြီးကလေးသူငယ်တွေလည်း ရာသီတုပ်ကွေးဒဏ်ခံနေရတယ်” ဟု စစ်ရှောင်ကူညီနေသူ မခင်က သံလွင်ခက်ကို ပြောသည်။
ထို့အပြင် အဆိုပါစစ်ဘေးဒုက္ခသည်များအတွက် ဆေးဝါးအကူညီများနှင့် စားသောက်ကုန်များ အရေးပေါ်လိုအပ်လျက်ရှိနေသည်ဟု သိရသည်။