သံလွင်ခက်
အောက်တိုဘာ ၃၀၊ ၂၀၂၄။
ကရင်နယ်ခြားစောင့်တပ် (BGF) တည်ထောင်သူ ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် ထိပ်သီးခေါင်းဆောင်နှစ်ဦးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်ဟု ဥရောပသမဂ္ဂက ယမန့်နေ့က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ဗိုလ်မှူးကြီးစောချစ်သူ၊ အမှတ် (၄) တပ်နယ်မှူး ဒုဗိုလ်မှူးကြီးစောမုတ်သုန်နှင့် အမှတ်(၂) တပ်နယ်မှူး ဗိုလ်မှူးစောတင်ဝင်းတို့သည် အွန်လိုင်းငွေလိမ်(ကျားဖြန့်) လုပ်ငန်းများနှင့် ဆက်စပ်နေသောကြောင့် အရေးယူလိုက်ခြင်းဖြစ်သည်။
အဆိုပါသုံးဦးသည် အာဏာသိမ်းစစ်ကောင်စီနှင့် နီးကပ်သည့် ဆက်ဆံရေးရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးခြိမ်းခြောက်မှုများအတွက် အဓိကတာဝန်ရှိသူများဖြစ်သည်ဟု ဖော်ပြထားသည်။
စောချစ်သူ ဦးဆောင်သော BGF က ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် KK Park၊ Apollo Park၊ Dongmei Zone စသည့် ခြံဝန်ကြီးများအတွင်းရှိသည့် အွန်လိုင်းငွေလိမ်းလုပ်ငန်းများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထက်မနည်း ဝင်ငွေရရှိနေသည်ဟု သိရသည်။
အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် မြန်မာနိုင်ငံသားများအပြင် ဒေသတွင်းနိုင်ငံများကိုလည်း လိမ်လည်နေပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသားများကိုပါ ပစ်မှတ်ထားလာသည်ဟု EU ကဆိုထားသည်။
ရွှေကုက္ကိုလ်မြို့အတွင်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကို အခုလကုန်နောက်ဆုံးထား ထွက်ခွာကြရန် BGFဘက်က သတိပေးထားသည်။ ထို့အပြင် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း တည်ရှိနေသည့် အွန်လိုင်းငွေလိမ်ခြံဝန်းကြီးများနှင့် တိုက်ရိုက်ပတ်သတ်မှုရှိနေသည့် ချစ်လင်းမြိုင်ကုမ္ပဏီကိုလည်း ပိတ်ဆို့အရေးယူခဲ့သည်။
ယခုအရေးယူခံရသည့် ချစ်လင်းမြိုင်ကုမ္ပဏီအုပ်စုတွင် စောချစ်သူ(စံမြင့်)၏ မိသားစုက ရှယ်ယာအများအပြား ပိုင်ဆိုင်ထားပြီး ချစ်လင်းမြိုင် သတ္ထုတူးဖော်ရေးကုမ္ပဏီတွင် ရှယ်ယာ ၆၈ ရာခိုင်နှုန်း၊ ချစ်လင်းမြိုင် တိုယိုတာကားကုမ္ပဏီတွင် ရှယ်ယာ ၆၅ ရာခိုင်နှုန်း ပါဝင်နေသည်ဟု Justice For Myanmar၏ ဖော်ပြချက်အရ သိရသည်။
ကရင်ပြည်နယ် လွန်းညတောင်အနီး ထုံးကျောက်မိုင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများရှိနေပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါကျောက်မိုင်းကို ဆန္ဒပြခဲ့သည့် ဒေသခံများကို BGF က ပစ်ခတ်နှိမ်နင်းမှုများ ရှိခဲ့သည်။