သံလွင်ခက်
အောက်တိုဘာ ၃၀ ၊ ၂၀၂၄။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ကွင်းချောင်းဝကျေးရွာ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၉ လအရွယ်ကလေးငယ်တစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ကျောက်တံခါးမြို့နယ်၊ ဇရပ်ခင်ကျေးရွာအုပ်စုရွာသာယာကျေးရွာသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေါ်ညိုညို (အမည်လွှဲ) ၏ ၉ လ အရွယ်သားဖြစ်သူသေဆုံးခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲမဖြစ်ဘဲ ဒရုန်းနဲ့ ဗုံးလာကြဲသွားတာ။ အဲ့မှာ ကလေးကို အစမှန်သွားတာ” ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၄၉၁ ဦး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက ၂၀၂၃ အောက်တိုဘာ ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပုံစာ – အောက်တိုဘာ ၂၇ ရက်တွင် လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ငနွားဆိပ်ကျေးရွာက အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး။ ဓာတ်ပုံ – KNU