ခင်သရဖီဦး
အောက်တိုဘာ ၃၀၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်း (၁၃) ခုမှ လူဦးရေ ၈၀,၀၀၀ ခန့်မှာ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ အရေးပေါ်လိုအပ်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်ရှိ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ပုဏ္ဏားကျွန်းရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေနှင့် ပေါက်တောမြို့နယ်များမှ စစ်ဘေးဒုက္ခသည်များနှင့် တခြားမြို့နယ်များမှ စစ်ဘေးဒုက္ခသည်များ ခိုလှုံနေခြင်းဖြစ်ကာ ကူညီထောက်ပံ့မှု မရရှိခြင်းတို့ကြောင့် စားဝတ်နေရေး အကျပ်အတည်များကြုံနေရခြင်းဖြစ်သည်။
“ကျွန်တော်တို့မှာက အစစအရာရာ လိုအပ်နေတာဆိုတော့ အဓိက အခြေခံ စားနပ်ရိက္ခာ၊ ဆေးဝါးကုသမှု အဲဒါတွေက အရေးပေါ်လိုအပ်ပါတယ်။ နောက် ကူညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကတော့ လောလောစဉ်မှာ မရှိပါဘူး” ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါ ဒုက္ခသည်စခန်းများကို ပုဏ္ဏားကျွန်းရှိ အရပ်ဖက်အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ပေးနိုင်သော်လည်း ပြင်ပအလှူရှင်များ နည်းပါးသည့်အတွက် အခက်အခဲများကြုံတွေ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေက အလှူရှင်တွေကို မှီခိုနေကြရတဲ့ အပိုင်းဆိုတော့ ကျွန်တော်တို့မှာက အကန့်အသတ်တွေ အများကြီးရှိပါတယ်။ ဆိုတော့ သတ်သတ်မှတ်မှတ် ကူညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေကတော့ မရှိပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် စစ်ဘေးရှောင်များမှာ လာမည့် ဆောင်းရာသီကို ဖြတ်သန်းရန်အတွက်လည်း အနွေးထည်နှင့် စောင်များလည်း လိုအပ်ချက်များရှိနေသည်ဟု သိရသည်။
“လူတွေက အဝတ်တစ်ထည် ကိုယ်တစ်လုံးနဲ့ ပြေးလာကြတာ။ ရခိုင်ပြည်ဆောင်းကလည်း အေးတယ်ဆိုတော့ ဆောင်းမှာ အခက်အခဲကတော့ အများကြီးရှိမှာပါ။ အဲဒါနဲ့ ဆက်စပ်ပြီး ဖြစ်လာတဲ့ပြဿနာတွေကလည်း အများကြီး ရှိလာနိုင်ပါတယ်” ဟု နောက်ထပ် ကူညီပေးနေသူတစ်ဦးက ပြောသည်။
အလှူရှင်နည်းပါးလာခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့် စစ်ဘေးဒုက္ခသည်များမှာ တောတောင်များထဲတွင် ထင်းခုတ်ခြင်း၊ ငါးရှာခြင်းနှင့် အရင်းအနှီးအနည်းငယ်ဖြင့် ဟင်းစားရောင်းဝယ်ခြင်းတို့ဖြင့်စားဝတ်နေရေး ဖြေရှင်းနေကြရသည်ဟု သိရသည်။
ဓာတ်ပုံ- လင်းရောင်ခြည်ဖောင်ဒေးရှင်း