သံလွင်ခက်
အောက်တိုဘာ ၃၀၊ ၂၀၂၄။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စဂျူလီဘိရှော့ပ် (Ms. Julie Bishop)သည် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်ခဲ့ပြီးအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ဖော်ပြချက်အရသိရသည်။
ဂျူလီဘိရှော့ပ်သည် အောက်တိုဘာ ၂၉ ရက်နေ့တွင် ကျင်းပသည့် ကုလအစည်းအဝေးတစ်ခုတွင် ထိုသို့ပြောကြားခဲ့သည်ဟု ဆိုသည်။
ဂျူလီဘိရှော့ပ်၏ မြန်မာပြည်ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။
ခရီးစဉ်အသေးစိတ်အကြောင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ဂျူလီဘိရှော့ပ်က ကုလအစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
မစ္စဘိရှော့ပ်က ပဋိပက္ခကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာ့အရေးတွင် ပါဝင်နေသူအားလုံးအနေဖြင့် နောက်ကြောင်းပြန်လှည့်ရမည်ဟု ပြောဆိုထားသည်။
မြန်မာပြည်သူ၃ သန်းခန့်မှာ လက်ရှိပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ကုလသမဂ္ဂနှင့် ထောက်ပံ့ကူညီရေးအဖွဲ့အစည်းများ ဝင်ရောက်နိုင်ရေးအတွက် မည်သည့်နည်းလမ်းနှင့်ဖြစ်ဖြစ် ပြန်လည်သင့်မြတ်ရန် လိုအပ်သည်ဟု သူ၏သဘောထားကို ကုလအစည်းအဝေးတွင် တင်ပြခဲ့သည်ဟု သိရသည်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ဂျူလီဘိရှော့ပ်သည် အခုနှစ် ဧပြီလ ၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသူဖြစ်သည်။
ပုံစာ- ၂၀၁၃ နိုဝင်ဘာ ၂၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ကုလအထူးကိုယ်စားလှယ် မစ္စဂျူလီဘိရှော့ပ်။ ဓာတ်ပုံ – ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာန