သံလွင်ခက်
အောက်တိုဘာ ၂၈၊၂၀၂၄။
၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA သည် အညာဒေသတွင် အခြေချပြီး စစ်ဆင်ရေးဖော်ဆောင်နိုင်တော့မည်ဟု တပ်တော်၏ကွပ်ကဲရေးမှူး၊ မောင်ဆောင်းခမှ ၎င်း၏ ဖေ့စဘွတ်လူမှုကွန်ရက် စာမျက်နှာတွင် အသိပေးဖော်ပြခဲ့သည်။
ယမန်နေ့ အောက်တိုဘာ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်၌ ညီနောင်မဟာမိတ် (၃)ဖွဲ့ ဦးဆောင်မှုအောက်တွင် နွေဦးတော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုးတက်ဖြစ်ထွန်းခဲ့သည်ဟူသောစာနှင့်တကွ အညာဒေသတွင်အခြေချပြီး စစ်ဆင်ရေးဖော်ဆောင်လာနိုင်တော့မည်ဟု ရေးသားခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ရေးကြေငြာချက်နှင့်ပတ်သက်၍ အကြောင်းအရာတချို့သိရှိနိုင်ရန် သံလွင်ခက်မှ BPLA ထံ ဆက်သွယ်မေးမြန်ခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။
BPLA သည် ကိုးကန့်တပ် MNDAA ဦးဆောင်မှုအောက်တွင် တပ်မဟာ ၆၁၁ တပ်ရင်းအဖြစ် စစ်ရေးလေ့ကျင့်သင်ကြားခဲ့သည်။ ထို့အပြင် ကရင်ပြည်နှင့် ရှမ်းပြည်တို့တွင် စစ်ဒေသဖွဲ့စည်းကာ လှုပ်ရှားလျက်ရှိနေသည်။
BPLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်များဖြင့် ပူးတွဲတိုက်ပွဲဝင်ခဲ့သလို ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်းတိုက်ပွဲများတွင်လည်းပါဝင်တိုက်ခိုက်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည်။
ပုံစာ- BPLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- BPLA