ယမင်းဖူးပွင့်အောင်
အောက်တိုဘာ ၁၄၊ ၂၀၂၄။
အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ၆၅ ခုထက်မနည်းရှိခဲ့ပြီး အရပ်သား ၁,၃၀၇ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က ယမန်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများထဲမှ ၉၂ ရာခိုင်နှုန်းကို စစ်ကောင်စီနှင့် လက်အောက်ခံ ပျူစောထီးအဖွဲ့များက ကျူးလွန်ခဲ့ကြကာ ဖြစ်စဉ်အားဖြင့် ၆၀ ခုထက်မနည်းရှိခဲ့ပြီး အရပ်သား ၁၂၁၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်များထဲမှ အများစုဖြစ်သည့် ၅၂ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်းအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ ၁၇ ရက်အတွင်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှ ကျေးရွာများကို စစ်ကောင်စီ တပ်မ- ၃၃ လက်အောက်ခံတပ်များ စစ်ကြောင်းထိုးဝင်ရောက်ချိန်တွင် အရပ်သား ၂၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး စီပါကျေးရွာက အရပ်သား ခြောက်ဦးကို ကိုယ်လက်အင်္ဂါများ ပြတ်တောက်နေသည့် အနေအထားဖြင့် တွေ့ခဲ့ရသည်။
အထက်ပါ ရက်စက်ကြမ်းကြုတ်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၂၃ ခုထက်မနည်းကို စစ်ကောင်စီတပ်များက ကျူးလွန်ထားပြီး အရပ်သား ၄၃၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်ကလည်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁၀၈ ဦး၊ အမျိုးသမီး ၂၄ ဦး ကလေးငယ် ၃၈ ဦး စုစုပေါင်း အရပ်သား ၁၇၀ ဦးသေဆုံးခဲ့ရသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်ကလည်း ဖရူဆိုမြို့နယ် မိုဆိုကျေးရွာသို့ စစ်ဘေးရှောင်လာသည့် အရပ်သား ၄၄ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို မီးရှို့ထားခဲ့သည်။စစ်ကောင်စီတပ်မဟုတ်သည့် အခြားလက်နက်ကိုင်တပ်များက ကျူးလွန်သော အစုအပြုံလိုက် သတ်ဖြတ်မှုများလည်းရှိပြီး အဆိုးဆုံးဖြစ်စဉ်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ခဲ့သည့် တမူးမြို့နယ် သနန်ရွာရှိ ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်များက ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အခြားလက်နက်ကိုင်တပ်များ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ငါးခုထက်မနည်းရှိခဲ့ပြီး အရပ်သား ၉၇ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု ISP မြန်မာ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ- စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ပြီးနောက် ဘုတလင်မြို့ရှိ ကျေးရွာများ မြင်ကွင်း။ ဓာတ်ပုံ – စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်