(စစ်ကြောင်းထိုးကာလ ဒေသခံ ၂၀ ကျော်သေဆုံးကာ ၁၀၀ ဖမ်းဆီးခံခဲ့ရ)
မောင်ဘဦး
အောက်တိုဘာ ၂၄၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲရှိ ကျေးရွာများသို့ နှစ်ပတ်ခန့် စစ်ကြောင်းထိုးပြီး လူသတ် မီးရှို့ခဲ့သည့် စစ်ကောင်စီ နမခ စစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်းတွင် ဘုတလင်မြို့ထဲကို ပြန်လည်ဝင်ရောက်ခဲ့သည် ဟု ဒေသခံများထံမှ သိရသည်။
ယခုလ ၉ ရက်နေ့မှစတင်၍ အင်အား ၈၀ ခန့်ရှိသည့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) စစ်ကြောင်းသည် ဝေဟင်၊ မြေပြင်လက်နက်ကြီးပစ်ကူများဖြင့် ဘုတလင်နယ်ထဲရှိ တက်လှိုင်း၊ ရွာရှည်၊ စီပါ ရွာ၊ ကျွဲသေချောင်း၊ ဆည်ဝရွာမ၊ ဆည်ဝရွာသစ်၊ အိုင်ပေါင်းချောင်ရွာ၊ လွှဲတဲ၊ ဒန်းတိုင်နှင့် စိုင်ပြင်လေး ကျေးရွာများတို့ကို စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကာ ဒေသခံ ၂၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ မနေ့ညနေမှ စစ်ကြောင်းကထွက်တာလေ။ပြည်သူ ၂၀ ကျော် သတ်ခံရတယ်ဗျ၊ နောက်ပြီး ၁၀၀ ဝန်းကျင် ကိုလည်း ဓားစာခံအဖြစ် ဘုတလင်မြို့ထဲကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်” ဟု ဘုတလင်မြို့နယ်တွင်း စစ်ရှောင်ကူကယ်လုပ်နေတဲ့ ဒေါင်းရာဇာအဖွဲ့ဝင်တဦးက သံလွင်ခက်ကိုပြောသည်။
ယင်း ၂ ပတ်တာ စစ်ကြောင်းထိုးကာလအတွင်း နမခ စစ်ကြောင်းက တက်လှိုင်းရွာရှိ အိမ် ၁လုံးကို စတင်မီး ရှို့ခဲ့ပြီး စီပါရွာရှိနေအိမ် ၂၉၃ လုံး၊ ကျွဲသေချောင်း ၄၅ လုံး၊ဆည်ဝရွာမ ၁၁ လုံးနှင့် နွားတဲ ၃ လုံး၊ ဆည်ဝရွာသစ်ရှိ နေအိမ် ၂၈ လုံးနှင့် နွားတဲ ၆ လုံး၊ အိုင်ပေါင်းချောင်ရွာမှ နေအိမ် ၂၀ လုံးနှင့် နွားတဲ ၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစတင်ခဲ့သည့် ဘုတလင်မြို့နယ် ကူတော်ရွာစခန်းသိမ်းတိုက်ပွဲ စတင် ချိန်မှစပြီး စစ်ဘေးဒုက္ခသည် ၅၀,၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅,၀၀၀ ခန့်မှာ နေရပ်မပြန်နိုင်သေးဘဲ ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။