သံလွင်ခက်
အောက်တိုဘာ ၂၄၊ ၂၀၂၄။
မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်တွင် သောက်သုံးရေသန့်ရှင်းမှုမရှိသဖြင့် ထောင်တွင်းကပေးသည့် ရေနွေးကိုသာ အအေးခံ၍ သောက်သုံးနေကြရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် အကျဉ်းထောင်အတွင်း ရေသန့်စက်တပ်ဆင်ထားသော်လည်း ၎င်းစက်မှာ မကြာခဏပျက်သည့်အပြင် ရေညှိများတက်နေသဖြင့် သောက်ရေသန့်သောက်သုံးချင်သူများမှာ အကျဉ်းထောင်မှ ၁,၅၀၀ ကျပ်ဖြင့် ရောင်းချသည့် ရေသန့်ကိုသောက်သုံးနေရပြီး ရေသန့်ဝယ်မသောက်နိုင်သူများမှာ ရေနွေးကို အအေးခံ၍ သောက်နေရခြင်းဖြစ်သည်။
ထို့အပြင် ချိုးရေမှာလည်း မလောက်ငှသဖြင့် ထောင်ပြင်ပမှ ရေကားတစ်စီးကို နှစ်ရက် တစ်ကြိမ်ခန့်ဖြင့် ကျပ် ၆၀,၀၀၀ အထိပေးဝယ်ရသည်ဟု ဖော်ပြထားသည်။ ထိုသို့ ရေမလုံလောက်ခြင်းကြောင့် ယားနာကဲ့သို့ အရေပြားရောဂါများ ဖြစ်ပေါ်နေသည်ဟု ဖော်ပြထားသည်။
လက်ရှိ မိတ္ထီလာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများအပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ဖော်ပြထားသည်။
မိတ္ထီလာထောင်တွင် ဆရာဝန်နှင့် ထောင်ဆေးရုံမရှိသဖြင့် အကျဉ်းသား၊ အကျဉ်းသူများမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့် အခြေအနေများ ရင်ဆိုင်နေကြရသည်ဟု ဖော်ပြထားသည်။