ယမင်းဖူးပွင့်အောင်
အောက်တိုဘာ ၁၂၊ ၂၀၂၄။
မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ စစ်ရှောင်ပြည်သူများနေထိုင်နေသည့် ဝေါစုကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့သဖြင့် သံဃာတော် ၃ ပါးအပါအဝင် ဒေသခံ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Wetlet Information Network ထံက သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၁ ရက်တွင် နေ့လည် ၁ နာရီနှင့် ညနေ ၆ နာရီဝန်းကျင်တို့တွင် စစ်ကောင်စီက ပေါင် ၂၀၀ ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျောင်း (ဘုန်းကြီးကျောင်း) ကတော့ တော်တော်စုတ်ပြတ်သွားတယ်။ ညနေခင်း ၆နာရီ ၄ မိနစ်လောက်မှာ မိတ္ထီလာလေတပ်ကနေ နောက်ထပ်ဂျက်ဖိုက်တာ ၂စီးနဲ့ ထပ်လာပစ်တယ်ဗျ။ အဲ့ဒါက အထိခိုက်မရှိဘူး။ လေယာဉ်နဲ့ပစ်တာဆိုတော့ တော်တော်များများကတော့ စိုးရိမ်ရတဲ့ထဲမှာပါတယ်။ လက်ပြတ်တာတွေရှိတယ်။ တချို့ဆို ဗိုက်တွေဘာတွေပွင့်သွားတာကို ဆေးပြန်ကုနေရတာရှိတယ်” ဟု ယင်းအဖွဲ့မှ တာဝန်ခံဗိုလ်နဂါးလေးက သံလွင်ခက်ကိုပြောသည်။
အဆိုပါ စစ်ရှောင်ဒေသခံများသည် ပြီးခဲ့သည့် ဇူလိုင်လတွင် မန္တလေးတိုင်းအတွင်း မန်း- PDF စစ်ဆင်ရေးစတင်ချိန်မှစ၍ မတ္တရာမြို့အနီးမှ ဝေါစုကျေးရွာတွင် လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။
တချို့မှာ စစ်ကောင်စီစစ်ကြောင်းထိုးမည့်သတင်းရသဖြင့် ပြီးခဲ့သည့် တစ်လခန့်တွင် ဒေသခံအများစုမှာ ရွှေ့ပြောင်းသွားခဲ့ကြကာ လေကြောင်းတိုက်ခိုက်ခံရချိန်တွင် ဦးရေ ၁၀၀ ခန့်သာနေထိုင်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်သည် စစ်ဆင်ရေးနှင့် လုံးဝမသက်ဆိုင်သောလုပ်ရပ်ဖြစ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်သည်ဟု MDY- PDF က ယမန် နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ-Wetlet Information Network။