ယမင်းဖူးပွင့်အောင်
အောက်တိုဘာ ၁၂၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နှင့် နောင်ချိုမြို့တို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ယနေ့တွင်ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် နေ့လည် ၁၂ နာရီတွင် သီပေါမြို့၊ ဇာတ်စုရပ်ကွက်နှင့် အကျဉ်းထောင်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထောင်အဆောက်အဦးနှင့် လူနေအိမ် ၇ လုံးကျော် ထိခိုက်ပျက်စီးခဲ့သည်။
ထို့ပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသော စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၂၃ အနီးတစ်ဝိုက်တွင်လည်း အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၆နာရီခွဲမှ ၇နာရီခွဲအထိ စစ်ကောင်စီတပ်က Y-12 ဖြင့် ဗုံးအလုံး ၄၀ ခန့်နှင့် နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲအထိ ဗုံးအလုံး ၄၀ ကျော် လာရောက်ကြဲချခဲ့ပြီး နမ့်လန်အခြေစိုက်တပ်ကလည်း လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နောင်ချိုမြို့နယ် အင်းဖိုကျေးရွာကိုလည်း အောက်တိုဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၄ လုံး လာရောက်ကြဲချခဲ့ပြီး အောက်တိုဘာ ၁၀ ရက်နံနက် ၆နာရီခွဲအချိန်တွင် ဘန့်ဘွေရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ-TNLA