ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ပြတ်ရှဒဏ်ရာ များနှင့် ညှဉ်းပမ်းနှိပ်စက်ခံဒဏ်ရာများဖြင့်စွန့်ပစ်ထားသည့် ရိုဟင်ဂျာ ၁၃ဦး ၏ ရုပ်အလောင်းများတွေ့ရှိရမှုကို စုံစမ်းစစ် ဆေးနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအားအမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် များစွာတုန်လှုပ်စိတ်ပျက်မိသည်ဟုဆိုသည်။
ထို့ကြောင့် ဖြစ်ပွါးခဲ့သောဖြစ်စဉ်နှင့်ပတ်သက် ၍ စုံစမ်းစစ်ဆေးမှုအား စတင်ဆောင်ရွက်နေပြီဖြစ်သဖြင့် စုံစမ်းစစ်ဆေးမှုအတွက် အထောက် အပံ့ဖြစ်စေသော လူမှုရပ်ဝန်းမှ အဖွဲ့ဝင်များ၏ အကူအညီများအားလည်း ဖိတ်ခေါ်အပ်သည် ဟု ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်ရက်စွဲဖြင့် NUG ကထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်၌ သေဆုံးသူများထဲတွင် ငယ်ရွယ်သော ရိုဟင်ဂျာလူငယ်များပါဝင်နေကြောင်း တွေ့ရပါသည်။ ကနဦးတွေ့ရှိချက် များအရ ရုပ်အလောင်းအချို့တွင် ပြတ်ရှဒဏ်ရာများနှင့် ညှဉ်းပမ်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရှိရပါသည်။ သေဆုံးရသည့်အကြောင်းအရင်းအား စစ်ဆေးရန်အတွက် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးသို့ ရုပ်အ လောင်းများကို ပေးပို့ထားကြောင်းလည်းသတင်းရရှိပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်သေဆုံး သူများ၏ မိသားစုဝင်များ၊ ချစ်ခင်သူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲရပါသည် ဟု ဖော်ပြထားသည်။
စုံစမ်းစစ်ဆေးမှု ရလဒ်များအား ပြီးစီးရန် စောင့်ဆိုင်းနေစဥ်ကာလအတွင်းတွင် ယခုဖြစ်စဉ်ကဲ့သို့သော ရိုဟင်ဂျာလူမျိုးများအား ပစ်မှတ်ထားကျူးလွန်သည့် အလားတူအစွန်း ရောက်အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ် လာနိုင်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လွန်စွာစိုးရိမ်ပူပန်မိသည်ဟု ဆိုသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် လူနည်းစုများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း လုံးရှိ အရပ်သားပြည်သူများအပေါ် အမုန်းတရားထား အကြမ်းဖက်ခြင်းများကို အတိအလင်းပြတ်ပြတ်သားသား ကန့်ကွက်ရှုံ့ချပါသည်။
ချန်လှပ်ဘေးဖယ်ထားခြင်း၊ နှိမ်ချခွဲခြားခြင်း၊ လူမဆန်စွာအပြစ်ပေးခြင်းများ ကျူးလွန်ရန် လှုံဆော်ပေးသည့် လုပ်ရပ်များအတွက် မြန်မာ့လှုမှုရပ်ဝန်းတွင် နေရာမရှိပါ။ ပြစ်မှုကျူးလွန် သူများအား တရားဥပဒေအတိုင်း အပြည့်အဝအရေးယူ၍ တရားမျှတမှုနှင့် အပြစ်ပေးဆပ်ခြင်းများကို ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏ မိသားစုများထံ ဆောင်ကျဉ်းပေးရမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
ရိုဟင်ဂျာ ၁၃ ဦး၏ရုပ်အလောင်းများကို စစ် ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက မီးရှို့ပစ်ရန် ညွှန်ကြားခဲ့သောကြောင့် အစ္စလာမ်ဘာသာရေး ထုံးထမ်းစဥ်လာနှင့်အညီ မြေမြှပ် သင်္ဂြိုဟ်ခွင့်မရရှိခဲ့ဘဲ ဒီဇင်ဘာလ ၇ရက်တွင် စစ်ကောင်စီဘက်မှ အလောင်းများကို မီးရှို့ဖျက်ဆီး၍ သက်သေများကို ဖျောင့်ဖျက်ခဲ့သည် ဟုရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူ ရိုနေဆန်းလွင်က ပြောဆိုထားသည်။