သဇင်
စက်တင်ဘာ ၂၅၊ ၂၀၂၄။
ထိုင်းနိုင်ငံ၊ ရွှေ့ပြောင်းအလုပ်သားရေးဆိုင်ရာအစိုးရအဖွဲ့မှ အလုပ်သမားသစ်မှတ်ပုံတင်ခြင်း- ပန်းရောင်ကဒ်ကို ပထ မအဆင့် သဘောတူခွင့်ပြုလိုက်ပြီဖြစ်ပြီး ထိုင်းဘုရင့်နန်းတော်၏ခွင့်ပြုချက်ကို ဆက်လက်စောင့်ဆိုင်းရမည်ဟု ရွှေ့ပြောင်းအရေးလုပ်ဆောင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်တွင် ထိုင်းအစိုးရအဖွဲ့က မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ အထောက်အထားမဲ့အလုပ်သမားများအား အလုပ်သမားလူသစ်မှတ်ပုံတင်ခွင့်နှင့် ၎င်းတို့နှင့်အတူပါလာသည့် မှီခို ၁၈ နှစ် အောက်ကလေးငယ်များပါ နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
“အဲ့စာက ထိုင်းအစိုးရဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတယ်။ အဲ့တာကသေချာတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်ပဲ။ အဓိကက လက်မှတ်မရှိသေးတဲ့သူကို သူတို့လုပ်ပေးမယ်။ ဒါပေမယ့် တစ်ခုက ကုန်ကျစရိတ် ဘယ်လောက်ကုန်ကျမလဲ။ ဘယ်နေ့၊ ဘယ်ရက်မှာ စလုပ်ရမယ်။ ဘယ်ကာလအထိ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာသေချာမပြောသေးဘူး” ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း- FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ရှင်းပြသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားအလုပ်သမားများအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းအတွက် လူသစ်မှတ်ပုံခြင်း လုပ်ငန်းစဉ်ကို ၃ နှစ်ဆက်တိုက်ခွင့်ပြုထားခြင်းဖြစ်ပြီး ယခင်နှစ်များက ဩဂုတ်လတွင် ပြုလုပ်ပေးလေ့ရှိသည်ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၂၄ ရက် ကြေညာချက်တွင် အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများအား အလုပ်လုပ်ကိုင်ခွင့် လူသစ်မှတ်ပုံ တင်ခွင့်ပြုခြင်း၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမားများအား MOU စနစ်ဖြင့် တစ်ကြိမ်လျှင် သက်တမ်း ၂ နှစ်၊ ၂ ကြိမ်သက်တမ်း ၄ နှစ် တိုးပေးခြင်း၊ အလုပ်ရှင်ပြောင်း ခြင်းအတွက် ယခင်ပေးထားသည့် ရက် (၃၀) မှ ယခု ရက် (၆၀) တိုးမြှင့်ပေးခြင်း၊ ပုဒ်မ (၆၄) အရ ရာသီအလိုက်နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမားများအား ယခင်အတိုင်း (၃) လတစ်ကြိမ်ဝင်ထွက်ကာ သက်တမ်းပုံမှန်တိုးနိုင်မည်ဟု ပါရှိသည်။
ထိုင်းနိုင်ငံတွင် တရားဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေ ၂.၅ သန်းရှိသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ပုံစာ – ချင်းမိုင်မြို့တွင် CI လုပ်ရန် စောင့်ဆိုင်းနေသည့် မြင်ကွင်း (ပုံအဟောင်း)။