ထွယ်
စက်တင်ဘာ ၁၄၊ ၂၀၂၄။
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခံသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရှေ့တန်းရဲ ဘော်များထံက သိရသည်။
ယမန်နေ့ နံနက် ၇ နာရီခန့်က အင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခြေလျင် စစ်ကြောင်းဖြင့် ပြန်ချီတက်ကျေးရွာသို့ ရိက္ခာဆင်းယူပြီး သစ်ပုတ်ကျေးရွာသို့အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ – PPDF တပ်ရင်း၏စစ်ထောက် လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
“ဒီတပ်ဖွဲ့တွေက အရင်သစ်ပုတ်တာဝါတိုင်စောင့်တဲ့အဖွဲ့တွေ၊ အဲ့မှာ မြို့ပြစစ်ကြောင်းဆိုပြီး အင်အားထည့်ဖြည့်ထားကြတာ” ဟု ၎င်းပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွန်းတည့် ၁၂ နာရီခန့်တွင် သေဆုံးသူများ၏အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ခေါ်ဆောင်ပြီး ၎င်တို့တပ်စွဲရာ သစ်ပုတ်ကျေးရွာကို ပြန်လည်ဝင်ရောက်သွားသည်ဟု စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဘေးပတ်ဝန်းကျင်များကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်က ညောင်နီပင်ကျေးရွာနှင့် သစ်ပုတ်ကျေးရွာအကြား စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပုံစာ – ပေါင်းတည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ