သံလွင်ခက်
စက်တင်ဘာ ၁၄ ၊ ၂၀၂၄။
သဘာဝဘေးအန္တရာယ် ကျရောက်ရာ အရပ်ဒေသများတွင် စစ်ကောင်စီအနေဖြင့် အင်တာနက်၊ ဖုန်းလိုင်းများစသည့် ဆက်သွယ်မှုများကို ဖြတ်တောက်ခြင်းမလုပ်ရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ယနေ့၌ ထုတ်ပြန်တောင်းဆိုလိုက်သည်။
ဆက်သွယ်မှုများကို ဖြတ်တောက်ခြင်းသည် ဘေးအန္တရာယ်ကြောင့် အသက်ဘေးအန္တရာယ်ကြုံတွေ့နေရသူများအနေဖြင့် အကူအညီတောင်းခံခြင်းမပြုနိုင်ဘဲ အသက်ဆုံးရှုံးမှုများဖြစ်ပေါ်စေသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့်မဟုတ်ဘဲ အင်တာနက်ဖြတ်တောက်ခြင်းများကို လုပ်ဆောင်ခြင်းမပြုရန် တောင်းဆိုခြင်းဖြစ်သည်ဟု IPCM က ထုတ်ပြန်သည်။
အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း မြို့နယ်ပေါင်း (၉၂) ကျော်သည် ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်ခံရသည်ဟု လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးလှုပ်ရှားနေသည့် အသံအဖွဲ့က သြဂုတ် လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ယမန်နေ့ထုတ်ပြန်ချက်အရ မြို့နယ် ၃၄ မြို့နယ်တွင် ရေဘေးသင့်ပြည် ၂ သိန်းကျော်ရှိနေသည်ဟု သိရသည်။
သတင်းစီးဆင်းမှုကို ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏လုပ်ရပ်ကြောင့် လက်ရှိသဘာဝဘေးအန္တရာယ် ကျရောက်သောအချိန်တွင် ပြည်သူများ ပိုမို ဒုက္ခရောက်ခဲ့ရသည်ဟု IPCM ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သံလွင်ခက်သတင်းဌာနကိုပြောသည်။
“အဓိကတော့ ဆက်သွယ်ရေးပေါ့ သတင်းစီးဆင်းမှုကို ဖြတ်တောက်ခြင်းဟာ သဘာဝဘေးအန္တရာယ်တွေပေါ်မှာ ကာကွယ်တားဆီးတာနောက် အကူညီပေးတာ အကူညီလိုတဲ့သူတွေ အကူညီတောင်းခံနိုင်တာ အဲ့တာတွေအတွက် အနှောက်ယှက်ဖြစ်တယ် အတားဆီးဖြစ်တယ်။ အဲ့အပေါ်မှာ အဓိကထုတ်တာပါ။ မြန်မာပြည်က ဘယ်လိုဖြစ်နေလဲဆိုတော့ သတင်းစီးဆင်းမှုကို သူတို့တွေက နိုင်ငံရေးအရ ထိန်းချုပ်ချင်တာနဲ့ အခုလို သဘာဝဘေးအန္တရာယ်မှာ မလိုလားအပ်တဲ့ ပြည်သူတွေပိုဒုက္ခရောက်တာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်သည့်လုပ်ရပ်များဖြစ်သော လိုင်စင်ပိတ်သိမ်းခြင်း၊ သတင်းသမားများကို ဖမ်းဆီးခြင်းတို့ကို အမြန်ဆုံးရပ်တန့်ပြီး ဖမ်းဆီးထားသည့် သတင်းသမားများကို အမြန်ဆုံးပြန်လည်လွှတ်ပေးရန်၊ အများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို တာဝန်ခံမှုရှိစွာ သတင်းသမားများ သတင်းရယူခွင့်ရှိစေရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်သည့် နေရာဒေသများတွင် သတင်းသမားများအနေဖြင့် လွတ်လပ်စွာသတင်းရယူခွင့်ရှိရန်ကိုလည်း IPCM က တိုက်တွန်းတောင်းဆိုထားသည်။
ပုံစာ- နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကွမ်းခြံရွာနှင့် လက်ပံကုန်းရွာရှိရေဘေးသင့် ပြည်သူများ ဓာတ်ပုံ – MFSD