ခင်သရဖီဦး
စက်တင်ဘာ ၁၄၊ ၂၀၂၄။
ရခိုင်ပြည်၊ သံတွဲမြို့နယ် ဒေါ်မြကျေးရွာမှ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး စစ်ကျန်ဗုံးသီး ၁ လုံးကိုထုခွဲရာတွင် ပေါက်ကွဲမှုဖြစ်ပြီး ခြေထောက်နှင့်လက် နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံတချို့ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်တွင် အသက် ၅၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် တောထဲသို့သွားစဥ်တွေ့ရှိလာသည့် ဗုံးသီးကိုနေအိမ်သို့ ယူဆောင်လာပြီး ထုခွဲကြည့်ရာမှ ဒူးဆစ်နှင့် တံတောင်ဆစ်အောက်ပိုင်းမှ ပြတ်ခဲ့ရခြင်းဖြစ် သည်။
“ဖြစ်စဉ်က ၁၂ ရက် နံနက်ပိုင်းကနေပြီးတော့ တောထဲက စစ်ကျန်ဗုံးသီးကိုတွေ့တယ်။ အဲဒါကိုယူပြီး တော့ အိမ်မှာ ထုမိရာက ပေါက်ကွဲပြီးလက်တွေ ခြေတွေ ပြတ်သွားတာပါ” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
ခြေလက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်သည့်အခြေနေတွင်ရှိပြီး နီးစပ်ရာတွင် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။
UNOCHA-Myanmar အစီရင်ခံစာအရ နိုင်ငံတဝှမ်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် အရပ်သားထိခိုက်သေဆုံးသူဦးရေ ၁,၀ ၀၀ ကျော်ရှိသည်ဟု သိရသည်။