မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အား အကြမ်းဖက်အုပ်စုများအဖြစ် NUG က ယနေ့တွင် ကြေညာလိုက်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၂အဖြစ် ယနေ့ ဒီဇင်ဘာလ (၆)ရက်စွဲဖြင့် ကြေညာခြင်းဖြစ်သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်၌ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တို့သည် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေရန် စီးပွားရေးလုပ်ငန်းပေါင်းစုံအား လက်ဝါးကြီးအုပ်ချယ်လှယ်၍ နှစ်စဉ် ဘဏ္ဍာရန်ပုံငွေများစွာ ရှာဖွေထောက်ပံ့လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ပါရှိသည်။
အဆိုပါ ဘဏ္ဍာရန်ပုံငွေများသည် အကြမ်းဖက်စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အရာရှိကြီးများ အတွက်သာ အကျိုးစီးပွါးဖြစ်ထွန်းလျက်ရှိပြီး အောက်ခြေအကြပ်၊စစ်သည်များမှာ ခံစားခွင့်မရှိသလောက် နည်းပါးလျက် ရှိကြောင်းကို အမြတ်ခွဲဝေမှုဆိုင်ရာ အထောက်အထား၊ စာရွက်စာတမ်းများအရ သိရှိရသည်။
ထို့အပြင် ၎င်းအကျိုးအမြတ်များအား အသုံးပြု၍ အကြမ်းဖက်စစ်အုပ်စုသည် နေ့စဉ်နှင့်အမျှ နိုင်ငံတဝှမ်းရှိ အပြစ်မဲ့ ပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အား အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာလိုက်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုကြေညာချက်နှင့်အတူ ယင်းအကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) အရ အကြမ်းဖက်အုပ်စုပိုင် ပစ္စည်းများအဖြစ် သတ်မှတ်၍ အများပြည်သူအကျိုးစီးပွားအလို့ငှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဌ) နှင့်အညီ ထိန်းချုပ်စီမံခန့်ခွဲသွားမည်ဖြစ်သည်ဟု သိရသည်။