ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများဘက်ကိုစစ်ကောင်စီတပ်က အတွဲလိုက်ပစ်လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက်အစောပိုင်း ၄နာရီဝန်းကျင်ကတည်းက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သောစစ်ကောင်စီတပ်သည် ယမန်နေ့ ဒီဇင်ဘာလ၅ရက် ညပိုင်း၌ လည်း အတွဲလိုက်ပစ်လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းက လက်နက်ကြီး ပစ်ခတ်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲဘော်များက မှတ်တမ်းရယူထားနိုင်ပြီး မီးရှူးမီးပန်းများသဖွယ် မီးပွင့်များ အတွဲလိုက်အဆင့်ဆင့်ပေါက်ကွဲဖွာထွက်လာသည်ကို တွေ့ရှိရသည်။
” လက်နက်ကြီးတွေနဲ့က ပစ်ချင်သလိုကိုပစ်နေကြတာ။ ညကအတွဲလိုက်ပစ်တာက ဆယ်နာရီကျော်ကျော်လောက်ရှိတယ် “ဟု ဒီးမော့ဆိုမြို့နယ်အခြေစိုက် KNDF 01 တပ်ရင်း၏ ရဲဘော်တစ်ဦးက ပြောသည်။
ကရင်နီဒေသခံ အသက် ၂၀ ကျော် အရွယ် အမျိုးသမီး တစ်ဦးကလည်း “လက်နက်ကြီးသံ တွေကြားရတာ အိပ်တောင် မပျော်တော့ဘူး မနက်လည်းပစ် ၊ ညလည်း ပစ်နဲ့” ဟု စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေသည့် အခြေအနေကို ပြောသည်။
ကရင်နီပြည်ဒီးမော့ဆိုမြို့နယ်တွင် လနှင့်ချီတပ်စွဲထားခဲ့သော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များက ပြီးခဲ့သည့်နိုဝင်ဘာလကုန်ပိုင်း၌ တိုက်ထုတ်ခဲ့ကြပြီး ကုန်းသာ၊ သေးဆူလဲစသည့် ကျေးရွာများတစ်ကျောကို ဒေသခံတပ်များက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
တပ်များဆုတ်ခွာပေးလိုက်ရပြီးနောက်စစ်ကောင်စီတပ်က ဝေဟင်ပစ်ကူ၊ လက်နက်ကြီးပစ်ကူ များဖြင့် ထိုးစစ်ဆင်လာခဲ့ရာ ယခုဒီဇင်ဘာလဆန်းပိုင်းတွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများနှင့်အတူ စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်းလက်နက်ကြီးများဖြင့် တစ်ဖက်သတ်ဆက်တိုက်ပစ်ခတ်နေသည်ဟု KNDF တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
၎င်းက”စစ်ကောင်စီကတိုက်ပွဲဖြစ်ဖြစ်၊ မဖြစ်ဖြစ်လက်နက်ကြီးနဲ့ နေ့စဥ်နဲ့အမျှပစ်ခတ်တာရှိနေတယ်။ အခုရက်ပိုင်းအတွင်း ပစ်ခတ်တာက တော်တော်လေးများတယ်။ တစ်ခါပစ်ရင် လေးလုံး ငါးလုံး ဆက်တိုက်ထွက်တာမျိုးတွေနဲ့ အတွဲလိုက်ပစ်နေတာ “ဟု ပြောသည်။
ဒီးမော့ဆိုတွင် ဒီဇင်ဘာလ ၃ရက်တွင် တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြိမ်ရေများစွာ ပစ်ခတ်ခဲ့သည့်အပြင် တိုက်လေယာဥ်များဖြင့် ပါ လာရောက် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။