သံလွင်ခက်။
စက်တင်ဘာ ၅ ၊ ၂၀၂၄။
ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီမြို့က မြန်မာရွေ့ပြောင်းကလေးအများစုတက်ရောက်နေသည့် မေတ္တာရိပ် စာသင်ကျောင်းကို ထိုင်းအစိုးရ ယမန်နေ့တွင် ပိတ်သိမ်းလိုက်သည်ဟု ကျောင်းတာဝန်ရှိသူများထံက သိရသည်။
မေတ္တာရိပ် စာသင်ကျောင်းတာဝန်ရှိသူတစ်ဦးက ” မနေ့က သူတို့ လာပြီးတော့ ပိတ်လိုက်တာပေါ့။ လိုင်စင်မကျသေးဘဲနဲ့ ဖွင့်ထားတာတွေ့တဲ့အတွက် ပညာရေးဌာနက လူကြီးတွေနဲ့ ဌာနပိုင်းဆိုင်ရာက လာပြီးတော့ စာရွက်လာကပ်ထားလိုက်ပြီးပေါ့ ကျောင်းရဲ့ ရှေ့မှာ” ဟု ဆိုသည်။
မေတ္တာရိပ်စာသင်ကျောင်းတွင် မူလတန်းမှ ၁၁ တန်းထိ ပညာသင်ကြားနေပြီး တက်ရောက်ပညာသင်ကြားနေသည့် မြန်မာရွေ့ပြောင်းကလေး အများစုအပါအဝင် ကျောင်းသားဦးရေ ၁,၂၀၀ ထိရှိသည်ဟု ကျောင်းတာဝန်ခံများထံက သိရသည်။
ယခုကဲ့သို့ ကျောင်းပိတ်လိုက်ရသည့်အတွက် မိဘ၊ ဆရာ၊ ကျောင်းသားများအားလုံး အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်ဟု ကျောင်းတာဝန်ခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
“မိဘတွေကလေးတွေ ဆရာမတွေပါ အခက်ခဲ အားလုံးကြုံနေကြတာပေါ့။ အခုချိန်မှာ ဘာဖြစ်လဲဆို တော့ ကလေးတွေလည်း မိဘတွေအလုပ်သွားရင် ထားခဲ့လည်းမရ မိဘတွေပါ အလုပ်သွားမရ။ အဲ့ အခက်တွေကြုံနေကြရတယ် တော်တော်များများပေါ့” ဟု ၎င်းက ဆိုသည်။
ယမန့်နေ့နှင့် ယနေ့တွင်လည်း ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသို့လာရောက်၍ စာရင်းကောက်ယူခြင်း၊ မေးမြန်းမှုများရှိပြီး ကျောင်းတာဝန်ခံများဘက်ကလည်း ကလေးများ၏ ပညာသင်ကြားခွင့်ဆိုင်ရာ အခက်ခဲများကို ပြန်လည်တင်ပြထားသည်ဟု သိရသည်။
ကျောင်းပိတ်သိမ်းခံလိုက်ရသည့်အတွက် တက်ရောက်နေသည့် ကလေးငယ်များ၏ ပညာရေးနှောင့်နှေးမှုမဖြစ်ရအောင် နီးစပ်ရာကျောင်းများတွင် တက်ရောက်ခွင့်ရအောင် ဆောင်ရွက်သင့်သည်ဟု ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က သံလွင်ခက်ကို ပြောသည်။
“လောလောဆယ် ကလေးတွေအနေနဲ့ကတော့ တက်မယ့်ကျောင်းမရှိဘူးပေါ့။ စာသင်ကာလ ကြားကာလကြီးလည်းဖြစ်တယ်ဆိုတော့ ကလေးတွေအတွက်တော့ လက်ရှိ ပညာသင်ကြားရေးကိုတော့ အများကြီးနှောင့်နှေးတယ်။ အဟန့်တားတွေ အများကြီးဖြစ်နိုင်တယ်လို့ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကျောင်းသူကလေးသူငယ်များကို နီးစပ်ရာထိုင်းကျောင်းများတွင် တက်ရောက်ပညာ သင်ယူခွင့်ရရှိရန် ကြိုးစားဆောင်ရွက်ပေးသင့်သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ မေတ္တာရိပ် စာသင်ကျောင်းကို ၂၀၂၂ခုနှစ် ဇူလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထိုင်းဆရာများအပါအဝင် ဆရာ၊ ဆရာမ ဦးရေ ၃၅ ဦးဖြင့် ပညာသင်ကြားပေးနေခြင်းဖြစ်သည်။