ထွယ်
စက်တင်ဘာ ၅၊ ၂၀၂၄။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက်လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC ထံက သိရသည်။
ယနေ့နံနက် ၁၀ နာရီခန့်တွင် နန်းမယ်ခုံမြို့ကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ပြီး ဒေသခံ ၁ ဦးသေဆုံးကာ ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု IEC ၏အတွင်းရေးမှူး – ၂ ဦးဗညားက သံလွင်ခက်ကို ပြောသည်။
“အသေးစိပ်ပြောလို့မရသေးဘူး။ လောလောဆယ်တော့ တစ်ဦးသေဆုံးပြီး ၃ ဦးထိခိုက်တယ်။ အ ဆောက်အုံတချို့ပျက်စီးတယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့ မွန်းလွဲပိုင်းကလည်း လွိုင်ကော်မြို့ပေါ်သို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိစဉ် နန်းမယ်ခုံမြို့၊ မြို့မရှမ်းရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပစ်ခတ်မှုပြုလုပ်ခဲ့သေးသည်။ ယင်းတိုက်ခိုက်မှုတွင် ဒေသခံထိခိုက်သေဆုံးမှုမရှိခဲ့ဟု သိရသည်။
နန်းမယ်ခုံမြို့တွင် လူဦးထက်ဝက်ခန့်သည် စစ်ကောင်စီ၏ လေကြောင်းပစ်နှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများရှိသော်လည်း နေအိမ်ရှိ ဗုံးခိုကျင်းများတွင်သာ ပုန်းခိုတိမ်းရှောင်နေကြသည်ဟု IEC ၏ အတွင်းရေးမှူး – ၂ ဦးဗညားက ပြောသည်။
နန်းမယ်ခုံမြို့သည် ဒီးမော့ဆိုမြို့၏မြောက်ဘက်တွင် တည်ရှိပြီး လွိုင်ကော်မြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေကာ အိမ်ထောင်စု ၄၀၀ ကျော်ရှိပြီး လူဦးရေ ၂,၀၀၀ ကျော်နေထိုင်သည့် မြို့ဖြစ်သည်ဟု ၂၀၁၄ သန်းခေါင်စာရင်းအရ သိရသည်။
ပုံစာ – ပေါင် ၅၀၀ ဗုံးကြဲခံရသည့် အဆောက်အဦး။ ပုံ – စစ်ဘေးရှောင်အရေးကူညီနေသည့် ထွန်းမြန်မာ ဒိုနေးရှင်း