မောင်ဘဦး
စက်တင်ဘာ ၅၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ ၆ ရွာသို့ စစ်ကောင်စီနှင့် ကန့်ဘလူပျူစောထီးများက စစ် ကြောင်းထိုးပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ထံမှ သိရသည်။
စက်တင်ဘာ ၁ မှစတင်၍ အင်အား ၁၇၀ ပါသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပျူစောထီးအဖွဲ့များသည် ကန့်ဘလူမြို့နယ်မှ ခင်ဦးမြို့နယ်ထဲကို ဝင်ရောက်လာပြီး ငကြိုင်းရွာ၊ မဒေါင်းလှ၊ အင်ကြင်းပင်၊ စောကြီး၊ သနပ်စိန်နှင့် ဖန်းခါးကုန်းရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေဦးမြို့-PDC ကတာဝန်ခံက ပြောသည်။
“၃ ရက်အတွင်းကို ခြောက်ရွာမီးရှို့ဖျက်ဆီးထားပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်တွင် ပျူစောထီးအားကောင်းသည့် မဒေါင်းလှရွာကို တော်လှန်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီမှ ၄ ရက်အတွင်း ကျေးရွာ ၁၅ ရွာကို Mi 35 နှင့် Y-12 အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းမဒေါင်းလှကျေးရွာသည် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝါသဝ၏လက်အောက်ခံ ရွာတစ်ရွာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်သားနှင့် ပျူစောထီးများ သေဆုံးမှုရှိခဲ့သည်။
စစ်ကောင်စီတပ်၏ လေကြောင်းနှင့် မြေပြင်စစ်ကြောင်းကြောင့် ငှက်ပျော၊ သရက်ကန်၊ ပေကုန်း၊ စည် ပုတ္တရာ၊ ဂျပို့၊ ပေါက်သင့်တုံ၊ စောကြီး၊ ပေါက်တော၊ တဲကြီး၊ ဖန်းခါးကုန်း၊ အင်ကြင်းပင်၊ သနပ်စိန်၊ ငကြိုင်း၊ ရွှေကာ၊ မဒေါင်းကြီး၊ ငါးရုံကြီး၊ ရှားတော၊ ဆီဆုံလေး၊ နှဲတွင်းမှ ဒေသခံသောင်းချီ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ဆိုသည်။
လတ်တလောတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျေးရွာ ၁၅ ရွာမှ စစ်ရှောင်သက်ကြီးရွယ်များ အပါအဝင် အမျိုးသမီးများနှင့် ကလေး ငယ်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုနေအပ်သည်ဟု ၎င်းက ဆိုသည်။
ပုံစာ – ခင်ဦးမြို့နယ် စစ်ရှောင်များ။ ဓာတ်ပုံ- People’s Defense Comrade