သံလွင်ခက်
စက်တင်ဘာ ၄၊ ၂၀၂၄။
ကရင်နီပြည်အတွင်း အချက် (၄) ချက်ပါဝင်သည့် တရားဥပဒေစိုးမိုးရေးစီမံချက်ကို အကောင်အထည်ဖော်သွားမည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC က ယနေ့တွင် ထုတ်ပြန်ထားသည်။
ယင်းစီမံချက်တွင် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများအပါအဝင် တော်လှန်ရေးနှင့် လူမှုကျင့်ဝတ်နှင့်မညီသောလုပ်ငန်းများ၊ တပ်ဖွဲ့ဝင်များမဟုတ်သည့် တရားမဝင်လက်နက်များကိုင်ဆောင်မှုနှင့် လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားမှုတို့အပြင် မြေပြင်နှင့်အွန်လိုင်းလောင်းကစားလုပ်ငန်းတို့ပါဝင်သည်။
ယင်းစီမံချက်ကို ယခုလ ၄ ရက်နေ့မှ ၂၄ ရက်အထိ အသိပညာပေးမှုများ ဆောင်ရွက်မည်ဖြစ်ပြီး ၂၅ ရက်မှ စတင်အရေးယူသွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများတွင် ယာဘ (Ya Ba) ဆေးပြားများ၊ အိုက်(စ်) (Ice)၊ ဘိန်းဖြူတို့ပါဝင်ပြီး တော်လှန်ရေးနှင့် လူမှုကျင့်ဝတ်နှင့်မညီသော လုပ်ငန်းများတွင် လိင်ဖျော်ဖြေရေး လုပ်ငန်းများလုပ်ဆောင်ခြင်း၊ ခွင့်ပြုချက်မရှိသည့် လက်နက်ခဲယမ်းများ ရောင်းဝယ်ခြင်း၊ အထူးတားမြစ်ထားသည့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း၊ အများပြည်သူနှင့် တော်လှန်ရေးကို ထိခိုက်စေသည့် ဆူညံမှု၊ မီးရောင်ပြမှု၊ မမှန်သတင်းဖြန့်ဝေမှုများနှင့် သတင်းပေးမှုများ၊ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများနှင့် အစွန်းရောက် အကြမ်းဖက်ဖြစ်စေသည့် လုပ်ရပ်များ၊ တရားမဝင်အာဏာသိမ်းစစ်တပ်အတွက် ထောက်လှန်းရေး လုပ်ဆောင်ခြင်းတို့ပါဝင်သည်။
ထို့အပြင် တပ်ဖွဲ့ဝင်များမဟုတ်သည့် တရားမဝင် လက်နက်များ ကိုင်ဆောင်မှု နှင့် လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားမှုတွင် မောင်းပြန် (အော်တို)နှင့် ဆီမီး (အော်တို) သေနတ်များ၊ စစ်ဦးစီးအဖွဲ့ (ကာကွယ်ရေး) ၏ ခွင့်ပြုချက်မရဘဲ ရောင်းဝယ်နေသည့် လက်နက်များ၊ မှောင်ခိုနည်းဖြင့် ရောင်း၊ ဝယ်၊ စုဆောင်းထားသည့် ကျည်မျိုးစုံများ၊ တပ်ဖွဲ့၏ ခွင့်ပြုချက်မရဘဲ လက်နက်များ ကိုင်ဆောင်ခြင်းတို့ ပါဝင်သည်။
မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် မြေပြင်လောင်းကစားရုံများ၊ အွန်လိုင်းဂိမ်းများ (Online Game) ဖြစ်ကြသည့် Slot Game၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စသည်တို့ဖြစ်သည်ဟု ဖော်ပြထားသည်။
ဓာတ်ပုံ- ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC