သံလွင်ခက်
စက်တင်ဘာ ၄၊ ၂၀၂၄။
ရန်ကုန်မြို့၊ အင်းစိန်ထောင်အတွင်း နိုင်ကျဉ်းတစ်ဦးမုဒိမ်းကျင့်ခံရသည့်ဖြစ်စဉ်ကို ထောင်အာဏာပိုင်များမှ သတင်းထိန်ချန်ရန်ကြိုးစားခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်က ထောင်ဆေးရုံတွင် တီဘီဝေဒနာရှင်များထားသည့်အခန်းတွင် ဆေးကုသမှုခံယူနေရသည့် ပုဒ်မ (၅၀) ညဖြင့် ထောင်ဒဏ် (၁၁) နှစ်ချမှတ်ခံထားရသူ အသက် (၂၅) နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပုဒ်မ ၃၇၆ မုဒိန်းမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသည့် အကျဉ်းသား အခန်းလူကြီး ဇင်မျိုးကို (ခ) မျိုးကြီး (ဘ) ဦးမျိုးမင်းဆွေမှ ခြိမ်းခြောက်ထိုးကြိတ်၍အလိုမတူပဲ မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ချက်တွင် အဆောင်မှူးအောင်ကျော်ဆင့်သည် ကျူးလွန်ခဲ့သူအား ထိရောက်သည့် အပြစ်ပေးအရေးယူခြင်းမပြုဘဲ ထိုသတင်းပေါက်ကြားပါက နှစ်ဦးစလုံးကို တိုက်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဆိုထားသည်။
အဆောင်မှူးအောင်ကျော်ဆင့်သည် အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်၏တပည့်အရင်းဖြစ်ကြောင်း၊ ၎င်းတာဝန်ယူအုပ်ချုပ်ခွင့်ရသည့် အဆောင်အတွင်း ငွေကြေးရယူ၍ ရာဇဝတ်အကျဉ်းသားများကို အကျဉ်းသားအချင်းချင်း အုပ်ချုပ်ရသည့် ရာထူးအာဏာများပေးထားပြီး အဆိုပါအကျဥ်းသားများမှ နိုင် ငံရေးအကျဉ်းသားများအား လူမဆန်စွာဆက်ဆံခြင်း၊ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အလိုမတူပဲ မုဒိမ်းပြုကျင့်ခြင်းအမှုများအား ဖုံးကွယ်ပေးခြင်းဖြင့် ထောင်တွင်းစီးပွားရှာဖွေလျက်ရှိကြောင်း PPNM က ဆိုထားသည်။
PPNM အနေဖြင့် ထိုကဲ့သို့ အကျဉ်းထောင်တွင်း လူ့အခွင့်အရေး၊ အကျဉ်းသားအခွင့်အရေးကို ရည် ရွယ်ချက်ရှိရှိ ချိုးဖောက်နေကြသည့် အကျဉ်းဦးစီးဝန်ထမ်းများနှင့်၎င်းတို့၏ လက်ကိုင်တုတ်များကို အရေးယူနိုင်ရန် လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။