သံလွင်ခက်
စက်တင်ဘာ ၄၊ ၂၀၂၄။
ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် ပေါင် ၃၀၀ ဗုံးသုံးကြိမ်အပါအဝင် ဗုံးလေးကြိမ်ကြဲခဲ့သဖြင့် လက်ဖက်ခြောက်စက်ရုံ ၁ ရုံ ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအောင်းအမျိုးသမီးအဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။
ယမန်နေ့ည ၁၁ နာရီ ဝန်းကျင်တွင် မန်တုံမြို့နယ်၊ အောင်ချမ်းသာရပ်ကွက် မြို့မတံတားအနီးရှိ လက်ဖက်အချိုခြောက်စက်ရုံကို ပေါင် ၃၀၀ ဗုံး ၃ လုံး နှင့် (၁၃၀) တပ်စခန်းကုန်းအတက်တွင် ၁ လုံး ဗုံးကြဲခဲ့သဖြင့် စက်ရုံတွင် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး စက်ရုံအလုပ်သမား အမျိုးသား ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်။
တအာင်းဒေသ မန်တုံ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံမြို့နယ် ဒုတိယအကြိမ် ၁၀၂၇ စစ်ဆင်ရေးစတင်ဖြစ်ပွားခဲ့သည့်အချိန်မှ၍ ယနေ့အချိန်ထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားဆဲဖြစ်သည်။
ပုံ-Ta’ang Women’s Organization
ပုံစာ- စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် လက်ဖက်ခြောက်စက်ရုံ မြင်ကွင်း