မောင်ဘဦး
ဩဂုတ် ၃၁၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ၄ ရက်အကြာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အပြင်းအထန်ခုခံသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ များထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်တွင် ယင်းကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၃ ရက် အကြာထိ စစ်ရေးအသာစီးရှိခဲ့သော်လည်း ယမန်နေ့ နေ့လည်ပိုင်းမှ ညနေပိုင်းအထိ လေကြောင်းပစ်ကူ ၉ ကြိမ်အပါ မုံရွာမြို့ပြင်မှ လက်နက်ကြီးပစ်ကူများနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကူသင်္ဘော ၃ စီး ပို့ဆောင်ခဲ့ခြင်း ကြောင့် ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။
“တိုက်ပွဲစဖြစ်ကတည်းက လေကြောင်းကနေ ဗုံးကြဲနေတာ ဒီနေ့ဆိုရင် သုံးရက်ရှိသွားပြီ။ တိုက်ပွဲကလည်း ဖြစ်နေတုန်းပါ။ အာဏာသိမ်းစစ်အုပ်စုဘက်ကတော့ မြေပြင် စစ်ကူလာတာမရှိသေးဘူး။ လေကြောင်းကနေ ဗုံးလာကြဲတာနဲ့ ဟောင်ဝစ်ဇာတွေ လက်နက်ကြီးတွေနဲ့ လှမ်းထုနေတာ တွေပဲတောက် လျှောက်လုပ်နေတာ” ဟု ဒေသခံတော်လှန်ရေးသတင်းအင်အားစုများက သံလွင်ခက်ကို ပြောသည်။
၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီသေဆုံးမှုစာရင်းကို မသိရှိရသေးပေ။ တော်လှန်ရေးတပ်ဖွဲ့မှ သေဆုံးမှုမရှိသော်လည်း ရဲဘော်အများစု ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲဘော်တစ်ဦးထံက သိရသည်။
ကံကြီးကုန်းရွာသည် ချောင်းဦးမြို့ အနောက်တောင်ဘက် (၁၀) မိုင်ကျော်အကွာ ချင်းတွင်းမြစ်ကမ်းဘေးမှာတည်ရှိပြီး မြစ်အနောက်ဖက်ကမ်းတွင် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက်မှာမြောင်မြို့နယ်နှင့် အနောက်တောင်ဘက်တွင် မကွေးတိုင်း ရေစကြိုမြို့နယ်တို့ဖြင့် ထိစပ်နေသည်။
ယင်းရွာရှိ ပျူစောထီးစခန်းသည် အနီးဝန်းကျင်က ကျေးရွာများကို စစ်ကြောင်းထိုးကာ လူသတ်၊ နေအိမ်မီးရှို့မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။