ထွယ်
ဩဂုတ် ၃၁၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို အပြီးတိုင်ရရှိရန် ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်နေပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် ခုခံလျက်ရှိကာ တိုက်ပွဲပြင်းထန်နေသည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်ကတည်းမှ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ကာ KIA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မြို့တွင်းသို့ ဝင်ရောက်နိုင်ပြီဖြစ်သော်လည်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
“လောဆယ်မြို့ထဲမှာက နှစ်ဖက်လုံးရှိနေတယ်။ ဒါပေမယ့် လေယာဉ်က ကိုယ့်ဘက်ကို ဦးတည်ပြီး ပြန်ကြဲရော၊ စစ်ကောင်စီတွေက ထိတွေ့နည်းနည်းဖြစ်ပြီးရင် လေယာဉ်ပဲခေါ်တော့တာ” ဟု ရှေ့တန်းရဲဘော်အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းတော်တစ်မြို့လုံးတွင် စစ်အင်အားများဖြန့်ကျက်ထားပြီး စစ်အင်အားနှင့် ရိက္ခာများကိုလည်း လေကြောင်းဖြင့် ဖြည့်တင်းလျက်ရှိသည်ဟု သိရသည်။
အင်းတော်မြို့ဒေသခံများမှာလည်း ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲတိမ်းရှောင်လျက်ရှိပြီး ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် ဒေသခံများ၏အခြေအနေကို သိရှိနိုင်ရန် ခက်ခဲလျက်ရှိသည်ဟု အင်းတော်မြို့မှ တိမ်းရှောင်လာသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် – PDF တို့အပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDF တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု သိရသည်။
အဆိုပါ မြို့သိမ်းတိုက်ပွဲတွင် အင်းတော်မြို့ကို စစ်ရေးလမ်းကြောင်းအရ ကာထားသည့် နဘားတပ်စခန်းကိုလည်း KIA နှင့် ပူးပေါင်းတပ်က ဩဂုတ်လ ၁၇ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။