ကောင်းချစ်အောင်
သြဂုတ် ၃၁၊ ၂၀၂၄
ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ စစ်ကောင်စီနဲ့တွေ့တိုင်း ဆက်တိုက်ဆိုသလို ပြော ဆိုခဲ့တဲ့ တရုတ်နိုင်ငံဟာ အခုနောက်ပိုင်းမှာတော့ မြန်မာ့အရေးအပေါ် သိသိသာသာစွက်ဖက်မှုတွေ လုပ်ဆောင်လာခဲ့ ပါတယ်။
အကျိုးစီးပွားကို ဦးစားပေးတဲ့ တရုတ်ရဲ့မူဝါဒကို မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ် ခဲ့ကြပါတယ်။
မြန်မာ့အချုပ်အခြာကို လေးစားတဲ့အတွက် ဝင်ရောက်မစွက်ဖက်ဘူးလို့ ကုလအစည်းအဝေးတွေတိုင်းလိုလိုမှာ နှုတ် ဆိတ်နေခဲ့တဲ့ တရုတ်ဟာစစ်ကောင်စီအပေါ် ဇောင်းပေးတဲ့ သဘောထားလက္ခဏာတွေကို ပိုမိုထင်ရှားလာတာတွေ့ရပါ တယ်။
မြန်မာနိုင်ငံအရေးကိစ္စမှာ ကျော်လွန်မရတဲ့ စည်းသုံးခုကို ခိုင်မာစွာထိန်းသိမ်းထားရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံ တွေရဲ့ သြဂုတ် ၁၆ ရက် နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ တရုတ်ရဲ့ သဘောထားဟာ အပြောသပ်သပ်တင်မဟုတ်ဘဲ လက်တွေ့ကျတဲ့ ခြေလှမ်းတွေကိုလည်း ခပ်စိပ်စိပ်အကောင်အထည်ဖော်လာခဲ့ပါတယ်။
နိုင်ငံတကာကို စကားပါးခဲ့တဲ့ စည်း ၃ စည်း
*******************
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဩဂုတ်လ ၁၆ ရက်မှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းမတည်မငြိမ်ဖြစ်တာနဲ့ ပြည်တွင်းစစ်ဖြစ်ပွားတာ၊ အာဆီယံမိသားစု လမ်းကြောင်းက ကင်းကွာ သွားတာ၊ ပြင်ပအင်အားစုတွေ ထင်သလိုစိမ့်ဝင်ဝင်ရောက်စွက်ဖက်တာကို ခွင့်မပြုတာတွေဖြစ်တယ်လို့ စည်း ၃ စည်း ကို မစ္စတာဝမ်ယိက ပြောကြားခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ ကောင်စီဝင်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာဝမ်ယိရဲ့ ပြောကြားချက်ကနေတဆင့် တရုတ်ဗဟိုအစိုးရရဲ့ သဘောထားကို မျက်ဝါးထင်ထင်မြင်တွေ့ ခဲ့ရတာ ဖြစ်ပါတယ်။
ပြင်ပအင်အားစုတွေက မြန်မာနိုင်ငံပြည်တွင်းရေးကို တမင်ဝင်ရောက်စွက်ဖက်တာနဲ့ တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးခွဲလိုပြီး တရုတ်နိုင်ငံကို အမည်ဖျက်အပုပ်ချတဲ့ ဘယ်လိုပြောဆိုလုပ်ဆောင်တာကိုမဆို တရုတ်နိုင်ငံက ဆန့်ကျင် တယ်လို့လည်း မစ္စတာဝမ်ယိက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဩဂုတ်လ ၁၅ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန်နဲ့ တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ K2C အဖွဲ့နဲ့ အွန်လိုင်းကနေအစည်းအဝေးပြုလုပ်ခဲ့တာကို ရည်ညွှန်းပုံရပါတယ်။
အဲဒီအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCCနဲ့ K2C မဟာမိတ်တွေဖြစ်တဲ့ ချင်းအမျိုး သားတပ်ဦး- CNF၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ-KNPPတို့က ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ကြပါ တယ်။
နယ်စပ်မျဉ်းတစ်ဖက်ခြမ်းက ခြိမ်းခြောက်မှု
*******************
ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့အချိန်ကစလို့ တစ်နှစ်မပြည့်ခင်မှာပဲ တရုတ်တပ်မတော်က နယ်စပ်တလျှောက်မှာ အကြီး စားလေ့ကျင့်မှုတွေ လေးကြိမ်အထိ လုပ်ခဲ့ပြီးပါပြီ။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၅ ရက်ကစလို့ သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုတစ်ကြိမ်၊ အခုနှစ် ဧပြီလထဲမှာ နှစ်ကြိမ်နဲ့ ဩ ဂုတ်လထဲမှာ တစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
နောက်ဆုံးတကြိမ် ဩဂုတ်လ ၂၇ရက်ကနေ ၂၉ ရက်အထိ သုံးရက်တာလေ့ကျင့်မှုမှာ တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်- PLA က ကျည်အစစ်တွေ၊ တင့်ကားတွေ၊ စစ်လေယာဉ်တွေ ပါဝင်ခဲ့ပါတယ်။
ထောက်လှမ်းမှု၊ ကြိုတင်သတိပေးမှု၊ ဘက်ပေါင်းစုံက ပိတ်ဆို့ထိန်းချုပ်မှုနဲ့ တိုက်ခိုက်မှုစွမ်းရည်ကို စစ်ဆေးဖို့ အတွက်လို့ တရုတ်အစိုးရပိုင် မီဒီယာတွေကလည်း ဖော်ပြကြပါတယ်။
တရုတ်တပ်မတော်ရဲ့ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့ တရုတ်နယ်စပ်ကနေ ကိုးကန့် နဲ့ ဝ နယ်စပ်အနား က တရုတ်နယ်စပ်တလျှောက်အထိ လေးနေရာ စစ်ရေးလေ့ကျင့်မှာကို တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ပြင်းထန်နေတဲ့ကာလတလျှောက်လုံး တရုတ်ဘက်က နယ်စပ်ဂိတ်တွေကို ပိတ်ထားပြီး ကန့်သတ်ထားလိုက်ပါတယ်။
ဒါ့အပြင် စစ်ဆင်ရေးမှာ မပါဝင်တဲ့ ဝတပ်ဖွဲ့ UWSA ထိန်းချုပ်မြို့ဖြစ်တဲ့ နမ့်တစ်မြို့က မန်ခါးဂိတ်ကို တရုတ်ဘက်က ဩဂုတ် ၂၄ ရက်ကစလို့ ပိတ်လိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားခဲ့ရပါတယ်။
ရွေးကောက်ပွဲအပေါ် တရုတ်သဘောထား
*****************
MNDAA လက်ထဲ လားရှိုးအရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျအပြီး ဆယ်ရက်ကျော်အကြာ ပြီးခဲ့တဲ့ဩဂုတ် ၁၄ ရက်မှာ တရုတ်နိုင်ငံရဲ့ ကောင်စီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ် ပေါ် ပေါက်လာခဲ့ပါတယ်။
ဝမ်ယိဟာ လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပြင် အာဏာရှင်ဟောင်းဦးသန်းရွှေ၊ သမ္မတဟောင်းဦးသိန်းစိန် တို့ကို တွေ့ဆုံသွားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်အကျိုးစီးပွားတွေကို မထိပါးဖို့နဲ့ မြန်မာပြည်တည်ငြိမ်ရေးကို ရှေးရှုတယ်လို့ပြောဆို ချက်တွေအပါအဝင် စစ်ကောင်စီလမ်းခင်းထားတဲ့ ရွေးကောက်ပွဲအတွက် အကူအညီတွေပေးသွားမယ်ဆိုတဲ့ အချက် လည်း ပါဝင်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ ပါသင့်ပါထိုက်သူတွေအကုန်လုံး ပါဝင်နိုင်ရေး ကြိုးပမ်းဖို့ကိုလည်း ပြောကြားသွားခဲ့ပြီး လက်ရှိအခြေ အနေနဲ့ ကင်းကွာနေတဲ့ အခင်းအကျင်းတစ်ခုလည်း ဖြစ်နေပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးကိုကိုကတော့ လာမဲ့ ၂၀၂၅ နိုဝင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကွန်မြူနစ်ပါတီတစ်ခုတည်းက ကြီးစိုးထားတဲ့ တရုတ်နိုင်ငံက မြန်မာ့အရေးကို ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက် စေလိုတဲ့ သဘောထားဟာ စစ်ကောင်စီအတွက် ထွက်ပေါက်တစ်ခုကို လမ်းဖွင့်ပေးဖို့ရည်ရွယ်သလားဆိုတဲ့ မေးခွန်း ထုတ်မှုတွေ ရှိနေပါတယ်။
တရုတ်ဗဟိုအစိုးရရဲ့ သွယ်ဝိုက်တဲ့ရာဇသံ
**********************
တအာင်းတပ် TNLA ကို တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ တရုတ်ဗဟိုအစိုးရက သွယ်ဝိုက်သတိပေးလိုက်ပါတယ်။
ဩဂုတ် ၂၉ ရက်စွဲနဲ့ ရွှေလီမြို့ လုံခြုံရေးကော်မတီက ပေးပို့တဲ့စာအရ တရုတ်ရဲ့သတိပေးချက်အတိုင်း မပူးပေါင်းရင် အကျိုးဆက်တွေအားလုံးကို တာဝန်ယူရမယ်လို့ ရေးသားထားပါတယ်။
နယ်စပ်ဒေသက တရုတ်နိုင်ငံသားတွေသာမကဘဲ မြန်မာပြည်တွင်းက တရုတ်နိုင်ငံသားတွေ နဲ့ တရုတ်လုပ်ငန်းတွေရဲ့ လုံခြုံရေးကိုပါ အာမခံပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
တရုတ်နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေမယ့် အန္တရာယ်ရှိတဲ့ စစ်ရေးအပြုအမူတွေကို ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပြီး သင့်တော်တဲ့တရားဝင်အခွင့်အရေး တွေ၊ အကျိုးစီးပွားတွေကို ရအောင် ကူညီပေးမယ်လို့ သူ့ရဲ့ဩဇာကြီးမာပုံကို ရည်ညွှန်းထားပါတယ်။
လက်ရှိမှာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ကိုးကန့်တပ်က ထိန်းချုပ်ထားပြီး တအာင်းတပ်က လည်း မြို့ ၁၀ မြို့ကို သိမ်းပိုက်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်နဲ့ တရုတ်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို စိုးရိမ်မိတယ်လို့ ပူးတွဲသဘောထားထုတ်ပြန်ခဲ့ပေမယ့် လက်ရှိ တရုတ်အစိုးရဖော်ဆောင်နေတဲ့ခြေလှမ်းတွေဟာ မန္တလေးမြို့၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်အထိ တိုက်ရိုက်ခြိမ်းခြောက်ခံနေရတဲ့ စစ်ကောင်စီအတွက်တော့ အပေါင်းလက္ခဏာဆောင်တဲ့ လမ်းကြောင်းလည်း ဖြစ်လာနေပါတယ်။
တရုတ်အစိုးရရဲ့ ပြင်းထန်တဲ့ရာဇသံကို ရရှိထားပေမယ့် တအာင်းတပ်ကတော့ နောင်ချိုမြို့နယ်မှာ တိုက်ပွဲဆက်လက် ဖော်ဆောင်နေတာကို တွေ့နေရပါတယ်။