ခင်သရဖီဦး
သြဂုတ် ၂၄၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကောင်စီတပ်နှင့် ရခိုင်လွတ်မြောက်ရေးပါတီ- ALP တို့ပူးပေါင်းပြီး ဧည့်စာရင်းစစ်ကာ အရပ်သားများကို ဖမ်းဆီးငွေညှစ်မှုများပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှစတင်ပြီး မင်းဂံ၊ ကယ်ဆယ်ရေး၊ ကမ်းတော်ကြီး၊ ဆင်ကူးလမ်းစသည့် ရပ်ကွက်များမှ ဒေသခံများအား ညအချိန်ဧည့်စာရင်းစစ်ကာ ဖမ်းဆီးထားသူများ၏မိသားစုအခြေအနေပေါ်မူတည်ပြီး ငွေကျပ် ၃၀၀,၀၀၀ ကျပ်မှ ၅၀၀,၀၀၀ ကျပ် အထိတောင်းယူနေခြင်းဖြစ်သည်။
“တနေ့တနေ့ သူတို့ ဖမ်းတာလွယ်တာမဟုတ်ဘူး။ ရာချီနေပြီ။ အဖမ်းခံရတဲ့ လူတွေကို မိသားစုဝင်တွေသွားတွေ့ရင် ပိုက်ဆံတောင်းတယ်။ ပိုက်ဆံပေးမှ လွတ်ပေးမယ်ဆိုပြီး ပေါ်ပေါ်တင်တင် ပိုက်ဆံတောင်းထာရှိတယ်။ တချို့က ပြန် လွတ်လာတာရှိတယ်။ တချို့ကျ သူတို့ ဖမ်းထားတယ်” ဟု မင်းဂံဒေသခံတစ်ဦးက ဆိုသည်။
ဖမ်ဆီးခံရမှုအခြေအနေများနှင့်ပတ်သက်၍ ဒေသခံများ၏ ပြောပြချက်အရသိရသော်လည်း သံလွင်ခက်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေသည်။
စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်လွတ်မြောက်ရေးပါတီ- ALP တာဝန်ရှိသူများထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
စစ်ကောင်စီတပ်အနေဖြင့် AA ထိုးစစ်ကို ခုခံရန် မြို့ဝင်မြို့ထွက်လမ်းများအား ပိတ်ဆို့ထားပြီး ပင်လယ်ကမ်းစပ်တွင်လည်း ခြံစည်းရိုးကာခြင်းများကို လုပ်ဆောင်လျက်ရှိသည်။