သံလွင်ခက်
ဩဂုတ် ၁၇၊၂၀၂၄။
မြန်မာနိုင်ငံတစ်ဝန်း အကူအညီပေးရန် လျာထားသည့် လူဦးရေ ၅ ဒသမ ၃ သန်းထဲမှ ယခု ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၂ သန်းအပါအဝင် လူဦးရေ ၂ ဒသမ ၁ သန်းအား အကူအညီများပေးခဲ့သည် ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN (OCHA )က ယနေ့ ဩဂုတ်လ ၁၇ ရက် မနက်ပိုင်း တွင် ထုတ်ပြန်သည်။
နိုင်ငံတစ်ဝန်းရေကြီးရေလျှံခြင်းကြောင့် လူဦးရေ ၃၉၃,၀၀၀ ခန့် ရေဘေးသင့်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိသောကြောင့် နေရပ်စွန့်ခွာသူဦးရေ ထပ်မံတိုးလာခဲ့ခြင်းတို့ကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။
UN OCHA က ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ သန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း နှင့် ရခိုင်ပြည်နယ်တိုက်ပွဲတို့မှ နေရပ်စွန့်ခွာကြရသူအများစုသည် မုတ်သုံမိုးရာသီကာလအတွင်း အမိုးအကာများမရှိဘဲ နေထိုင်နေကြရသည် ဟု ဖော်ပြထားသည်။
ထို့ပြင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းတိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ နယ်စပ်ဖြတ်ကျော်ကာ ထွက်ပြေးခိုလှုံသူများ ရှိသည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်ကိုင်ပဋိပက္ခများအရှိန်မြင့်လာသည့်အတွက် နေရပ်စွန့်ခွာသူ ထောင်ချီ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့သိမ်းတိုက်ပွဲကြောင့် ခန့်မှန်းလူဦးရေ ၃၃,၀၀၀ ခန့် နေရပ်စွန့်ခွာကြရပြီး အရပ်သားထိခိုက်သေဆုံးမှုများ နှင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုများရှိခဲ့သည်။
ယခုနှစ် ရှစ်လတာကာလအတွင်း ပြင်းထန်လာသည့်ပဋိပက္ခ၊ သွားလာခွင့်ကန့်သတ်မှုများ၊ ဆက်သွယ်ရေးလိုင်းအခက်အခဲများ နှင့် ရန်ပုံငွေကြီးမားစွာလိုအပ်မှု စသည့် အခက်အခဲများကို လူသားချင်းစာနာမှု အကူအညီပေးကြသူများက ကူညီလျက်ရှိသည်။
၂၀၂၄ခုနှစ် လူသားချင်းစာနာမှုလိုအပ်ချက်များ နှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက် ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းအရ လိုအပ်ချက်၏ ၂၁ ဒသမ ၁ ရာခိုင်နှုန်းမျှသာ ရရှိထားပြီး ကြီးမားသည့်လိုအပ်ချက်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက တိုးမြှင့်ကူညီပေးနိုင်ရန် ပိုမိုရန်ပုံငွေရရှိရန် အရေးပေါ်လိုအပ်နေသည်ဟု UN (OCHA)က ဆိုသည်။
ပုံစာ-မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွါ တိမ်းရှောင်နေကြသူများ။
ဓာတ်ပုံ-UN (OCHA)