ကောင်းချစ်အောင်
သြဂုတ် ၁၇၊ ၂၀၂၄
စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ်အစဉ်တစိုက်ကြိုးပမ်းခဲ့တဲ့ ရွေးကောက်ပွဲကျင်းပရေးလမ်းကြောင်း ကို သူနဲ့ ဆက်ဆံရေးနီးကပ်တဲ့ နိုင်ငံတွေဟာ အခုမှာ ပိုမိုနှပ်ကြောင်းပေးလာနေပါတယ်။
နိုင်ငံအနှံ့ စစ်မီးတောက်လောင်နေချိန် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အလားအလာဟာ အလှမ်းဝေးနေဆဲလို့ နိုင်ငံရေးသု တေသီတွေက သုံးသပ်ကြပေမယ့် စစ်ကောင်စီကတော့ ရွေးကောက်ပွဲအတွက် လုပ်ငန်းစဉ်တွေကို အဆင့်ဆင့် လုပ် ဆောင်လာနေပါတယ်။
ရက်အတိမကျမထုတ်ပြန်ထားပေမယ့် လာမဲ့ ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမယ်လို့ ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲကို ရု ရှား၊ တရုတ်တို့လို အာဏာရှင်နိုင်ငံကြီးတွေနဲ့ အိန္ဒိယ၊ ထိုင်းတို့လို ဒီမိုကရေစီအပြည့်အဝမရတဲ့ နိုင်ငံတွေက ကူညီပေး သွားမယ်လို့ အတိအလင်းထုတ်ဖော်ပြောကြားမှုတွေရှိလာတာကို တွေ့ရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမပါတဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ဒေသတွင်းနိုင်ငံတွေရဲ့ ထောက်ခံမှုမြင့်မားလာတာဟာ မေးခွန်းထုတ်စရာကောင်းနေပါတယ်။
အာဏာသိမ်းမှုအစ ရွေးကောက်ပွဲက
****************
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲမဲလိမ်မှုတွေရှိတယ်လို့ အကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပါတယ်။
သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အကြီးပိုင်းခေါင်းဆောင်တချို့ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ခေါင်းဆောင်ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ကာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။
၂၀၀၈ အခြေခံဥပဒေအရ အရေးပေါ်ကာလသက်တမ်းကို ခြောက်ကြိမ်အထိ သက်တမ်းတိုးကာ လက်ရှိအချိန်မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ယာယီသမ္မတဖြစ်လာခဲ့ပါတယ်။
စစ်ခေါင်းဆောင်က လာမဲ့နှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြီးခဲ့တဲ့ဇွန်လလယ်လောက်က ထုတ်ပြောပြီးနောက် ရွေး ကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပဖို့အတွက် လိုအပ်တာတွေကို အရှိန်မြှင့်ပြင်ဆင်မယ်လို့ ဇူလိုင်လ ၇ ရက်က ပြောလာပါတယ်။
ရွေးကောက်ပွဲအတွက် လာမဲ့ အောက်တိုဘာလမှာ လူဦးရေသန်းခေါင်စာရင်းကောက်ဖို့ စစ်ကောင်စီကပြင်ဆင်နေသ လို တစ်ချိန်တည်းမှာပဲ သူတို့အသစ်ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအရတည်ထောင်ခွင့်လျှောက်ထား တဲ့ပါတီတွေကို ရွေးကောက်ပွဲကော်မရှင်က အတည်ပြုတာ၊ ပယ်ချတာတွေ လုပ်နေပါတယ်။
မင်းအောင်လှိုင်ဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းပေးမယ်လို့ မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိ ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကိုလည်း အာဏာထိန်းမှုအဖြစ်သာတွင်တွင်ကျယ်ကျယ် သုံးနှုန်းခဲ့တာကိုတွေ့ရပါတယ်။
၂၀၂၃ ဒုတိယနှစ်ဝက်ပိုင်းနဲ့ ၂၀၂၄အတွင်း နိုင်ငံအနှံ့ စစ်ဘောင်ပိုမိုကျယ်ပြန့်လာနေပြီး စစ်ကောင်စီဟာစစ်မျက်နှာတိုင်း မှာ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်နေရပါတယ်။ တော်လှန်ရေးတပ်တွေက မြို့ပေါင်း ၇၀ ထက်မနည်းကို ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားဟာလည်း ရပ်တန့်သွားခဲ့ရ ပြီဖြစ်ပါတယ်။
အဲဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်မှုတွေရှိနေပေမယ့် စစ်ခေါင်းဆောင်က တော့ အပိုင်းလိုက်ရွေးကောက်ပွဲစနစ်လို့ခေါ်တဲ့ နည်းလမ်းတစ်ခုကို ကျင့်သုံးမယ်လို့ အရိပ်အမြွက် ပြောကြားထားခဲ့ဖူး ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်
*************
လားရှိုး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျအပြီး ဆယ်ရက်ကျော်အကြာ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်မှာ တရုတ်နိုင်ငံ ရဲ့ကောင်စီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ပေါ်ပေါက်လာခဲ့ပါ တယ်။
ဝမ်ယိဟာ လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပြင် အာဏာရှင်ဟောင်းဦးသန်းရွှေ၊ သမ္မတဟောင်းဦးသိန်းစိန်တို့ ကို တွေ့ဆုံသွားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်အကျိုးစီးပွားတွေကို မထိပါးဖို့နဲ့ မြန်မာပြည်တည်ငြိမ်ရေးကို ရှေးရှုတယ်လို့ ပြောဆို ချက်တွေအပါအဝင် စစ်ကောင်စီလမ်းခင်းထားတဲ့ ရွေးကောက်ပွဲအတွက်အကူအညီတွေပေးသွားမယ်ဆိုတဲ့ အချက် လည်း ပါဝင်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ ပါသင့်ပါထိုက်သူတွေအကုန်လုံး ပါဝင်နိုင်ရေးကြိုးပမ်းဖို့ကိုလည်းပြောကြားသွားခဲ့ပြီး လက်ရှိအခြေ အနေနဲ့ ကင်းကွာနေတဲ့ အခင်းအကျင်းတစ်ခုလည်း ဖြစ်နေပါတယ်။
ကွန်မြူနစ်ပါတီတစ်ခုတည်းက ကြီးစိုးထားတဲ့ တရုတ်နိုင်ငံက မြန်မာ့အရေးကို ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက် စေလိုတဲ့ သဘောထားဟာ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
စောင့်ကြည့်ရမယ့် ထိုင်းအစိုးရရဲ့ ခြေလှမ်း
***********************
စစ်ကောင်စီက ကျင်းပမယ်လို့ကြေညာထားတဲ့ရွေးကောက်ပွဲနဲ့ လာမဲ့အောက်တိုဘာလမှာ သန်းခေါင်စာရင်းကောက် ယူမယ့် လုပ်ငန်းတွေမှာ အကူအညီပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ဩဂုတ် ၇ ရက်မှာ လာရောက်ကမ်းလှမ်းပြောဆိုခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။
ထိုင်းသံအမတ်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးတို့နဲ့ သီးသန့်တွေ့ဆုံရာမှာ ပြောဆိုခဲ့ တာလို့ ဆိုပါတယ်။
မြန်မာနဲ့ ထိုင်းစစ်တပ်ခေါင်းဆောင်ပိုင်းတွေဟာ နီးကပ်တဲ့ဆက်ဆံရေးတစ်ခုကို နှစ်အတော်ကြာတည်ဆောက်ထားနိုင် ပြီး အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းအစိုးရရဲ့သဘောထားတစ်ခုကို သိသိသာသာ မြင်တွေ့လာရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ လူငယ်တွေဦးဆောင်တဲ့ Move Forward ပါတီက မဲအများဆုံးရ ခဲ့ပေမယ့် အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်မရခဲ့ဘဲ ထိုင်းစစ်တပ်ဗိုလ်ချုပ်တွေနဲ့ နီးကပ်တဲ့ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်ရာ ထူးကို ရရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာလည်း MFP ပါတီကို ထိုင်းဥပဒေကော်မရှင်က ဖျက်သိမ်းဖို့အမိန့်ချခဲ့ပြီး ခေါင်းဆောင် ပီတာလင်ဂျာရွန်နတ် ဟာလည်း ထိုင်းဘုရင်စနစ်ကို ပုတ်ခတ်ပြောဆိုမှုတွေကြောင့် နိုင်ငံရေးလောကကို (၁၀) နှစ်ခြေမချဖို့ ပိတ်ပင်ခံလိုက် ရပါတယ်။
စစ်ကောင်စီနဲ့ နီးကပ်တဲ့ အင်အားကြီးနှစ်နိုင်ငံ
***********************
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်က ၁၂ ရက်အထိ ရုရှားနိုင်ငံကိုသွားရောက်ချိန်အတွင်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး အတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ရုရှားနိုင်ငံဟာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ထောက်ခံတဲ့ သဘောထားကို ဆက်တိုက်ပြသထားပြီး လိုအပ်တဲ့နည်း ပညာအကူအညီတွေကို ပံ့ပို့ပေးသွားမယ်လို့ ဆိုထားပါတယ်။
ရုရှားသမ္မတပူတင်ကို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီးလို့ မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်မှာ သုံးနှုန်းခဲ့ဖူးပြီး ၂၀၂၄ ခုနှစ်အတွင်းမှာလည်း နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ၅၀ ကျော်ပြုလုပ်ခဲ့ တဲ့အထိ နီးကပ်တဲ့ဆက်ဆံရေးကို တည်ဆောက်ထားနိုင်နေပါတယ်။
ဒါ့အပြင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပု ဂ္ဂိုလ်တို့ဟာ အခုနှစ် ဇူလိုင်လ ၂၆ ရက်က နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးကြို တင်ပြင်ဆင်နေတဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံနယ်စပ်က တိုက်ပွဲအခြေအနေတွေကြောင့် အိန္ဒိယသံအမတ်နဲ့ စစ်ကောင်စီတာဝန်ရှိသူတွေ အကြိမ်ကြိမ်တွေ့ဆုံ ခဲ့ပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အိန္ဒိယဘက်က ထောက်ခံတယ်လို့ သဘောထားတွေကိုလည်း တွေ့ရပါတယ်။
တစ်ဘက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ကန့်ကွက်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းပြောဆိုမှုတွေ ရှိနေပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ကလည်း ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲတွေကို စောင့်ကြည့် နေပြီး မြန်မာ့နည်းမြန်မာ့ဟန် ရွေးကောက်ပွဲပုံစံအသစ် ပေါ်ပေါက်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။