သံလွင်ခက်
ဩဂုတ် ၁၇၊၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီနှင့် PDF တို့အကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်လေ ကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်း ၇ နာရီမှ နေ့လည် ၃ နာရီခန့်အထိ ဂျက်ဖိုက်တာအပါအဝင် သယ်ယူပို့ဆောင် ရေးလေယာဉ် Y-12၊ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 တို့ဖြင့် ဒီပဲယင်းမြို့အနီးတဝိုက်သို့ လေကြောင်းတိုက်ခိုက်မှု (၁၅) ကြိမ်ထက်မနည်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲပြင်းထန်နေဆဲပါ။ တိုက်ပွဲဖြစ်နေတာမို့ ထိခိုက်ပျက်စီးဆုံး ရှုံးမှု မသိရသေးပါဘူး ” ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်ကစပြီး ရေဦးမြို့နယ်မှ ထွက်လာသောစစ်ကြောင်းသည် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မစိုးရိမ်၊ မူးဆုံ၊ အောင်သာကျေးရွာများသို့ စစ်ကြောင်းထိုးလာကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် အဆိုပါကျေးရွာရှိ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။
ပုံစာ-ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်များ။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့။