ကောင်းချစ်အောင်
သြဂုတ် ၆၊ ၂၀၂၄။
မြို့ပြခုခံကာကွယ်မှုစစ်ဆင်ရေးကမ္ဘာ့သမိုင်းမှာ စတာလင်ဂရက်တိုက်ပွဲကို အကောင်းဆုံးဥပမာတစ်ခုအနေနဲ့ စစ်ရေး သုတေသီတို့က ရည်ညွှန်းလေ့ရှိပါတယ်။ ဆိုဗီယက်တပ်တွေဟာ စတာလင်ဂရက်မြို့မှာခံစစ်ဆင်ပြီး သိန်းနဲ့ချီတဲ့ နာဇီ ဂျာမနီတပ်တွေကို ရက်ပေါင်း ၁၆၃ ကြာ ခုခံကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်က လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေရန် အမြဲတစေ သွေးထိုးလေ့ရှိကြတဲ့ စစ်ကောင်စီလော်ဘီတွေက လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ကျသွားပြီဖြစ်တဲ့ လားရှိုးမြို့တိုက်ပွဲကို စတာလင်ဂရက်တိုက်ပွဲနဲ့ ခိုင်းနှိုင်းပြီး ကိုးကန့်တပ် တွေကို တိုက်ထုတ်သွားနိုင်မှာလို့ ရက်ဆက်ပြတ် ဝါဒဖြန့်ရေးသားခဲ့ကြပါတယ်။
လက်တွေ့မှာတော့ ကိုးကန့်တပ်တွေဟာ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်အပြီး တစ်လတိတိမှာ သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်တွေကို မြို့ပေါ်မှာလိုက်လံရှင်းလင်းရေးတွေ လုပ် ဆောင်နေပါတယ်။
စတာလင်ဂရက်တိုက်ပွဲဆိုတာ ဘာလဲ
******************
စတာလင်ဂရက်တိုက်ပွဲဆိုတာ ဒုတိယကမ္ဘာစစ်တစ်ခုလုံးရဲ့ အချိုးအကွေ့တစ်ခုကို အဆုံးအဖြတ်ပေးခဲ့တဲ့ တိုက်ပွဲတစ်ခု ဖြစ်ပါတယ်။
ကုန်ခဲ့တဲ့ ၁၉၄၂ နှစ်ဆန်းပိုင်းမှာ ဂျာမနီဟာ ဗြိတိန်ကျွန်းစုကလွဲလို့ ဥရောပတိုက်တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားနိုင်ချိန် ဆိုဗီယက်ပြည်ထောင်စုဘက်ကို ထိုးစစ်စတင်ခဲ့ပါတယ်။ ဂျာမန်တို့ရဲ့ထိုးစစ်ကို ဆိုဗီယက်တပ်တွေက စတာလင်ဂရက် မြို့ကို အဓိကခံစစ်ပြင်ထားခဲ့ပြီး သုံးသိန်းကျော်တဲ့ ဂျာမန်တပ်တွေကို ဟန့်တားခဲ့တာပါ။
မဆုတ်တမ်းခံစစ်ပြင်ခဲ့တဲ့ ဆိုဗီယက်တပ်တွေကို ဂျာမန်တပ်တွေဟာ မကျော်ဖြတ်နိုင်ခဲ့ဘဲ သိန်းနဲ့ချီတဲ့တပ်သားတွေ ကျ ဆုံးခဲ့ကာ ဗိုလ်ချုပ် ၂၄ ဦးအပါအဝင် တပ်သားတစ်သိန်းနီးပါးလက်နက်ချခဲ့ပြီး သမိုင်းကြောင်းတလျှောက် အဆိုးရွား ဆုံးလက်နက်ချမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
မြို့ပေါ်လမ်းမတွေမှာ တစ်လမ်းချင်း ခံစစ်ပြင်ခဲ့သလို ဂျာမန်တပ်တွေကို ရောက်ရှိလာတဲ့ စစ်ကူတပ်တွေရဲ့ဝိုင်းဝန်းပိတ် ဆို့မှုတွေကြောင့် ဂျာမန်တပ်တွေ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
သမိုင်းထဲက နေဝန်းနီ
*******************
စစ်ကောင်စီတဖြစ်လဲ မြန်မာစစ်တပ်ရဲ့ဖွဲ့စည်းပုံမှာ စစ်အင်္ဂါစဉ်အရ တတိယအကြီးဆုံးဖြစ်တဲ့ လားရှိုးအရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ သမိုင်းအစဉ်အလာ ကြီးမားခဲ့ပါတယ်။ နေဝန်းနီပုံစံ လက်မောင်းတံဆိပ်နဲ့ ရမခဟာ စစ်ဗိုလ် ချုပ်တွေအဆက်ဆက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ရတဲ့ တိုင်းဌာနချုပ်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။
၁၉၇၀ ဝန်းကျင်ကာလ ဗမာပြည်ကွန်မြူနစ်ပါတီ- ဗ.က.ပရဲ့အင်အားကြီးထွားလာမှုကို ကိုင်တွယ်တဲ့အနေနဲ့ ၁၉၇၀ ဇွန် လဆန်းမှာ လားရှိုးအခြေစိုက်မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်အဖြစ် စတင်ပေါ်ပေါက်လာခဲ့ပါတယ်။
၁၉၇၁ မှာ သံလွင်မြစ်ကိုကူးလာတဲ့ ဗ.က.ပ တပ်တွေကို ကွမ်းလုံမြို့မှာ ရက်ပေါင်း ၄၀ အထိတောင့်ခံနိုင်ခဲ့ပြီး နောက် ပိုင်း ၁၉၇၂ မှာတော့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဖြစ် ရုပ်လုံးပေါ်လာခဲ့ပါတယ်။
ရမခဟာ ၁၉၈၉ ကာလအထိ ဗ.က.ပတပ်တွေနဲ့ စီစီဝမ်တာပန်၊ ခြူးရွှေ-ပန်ကောက်၊ မော်ဖ၊ မိုင်းယန်းတိုက်ပွဲကြီးတွေ ကို အောင်နိုင်ခဲ့ကာ စစ်ဗိုလ်ချုပ်တွေဂုဏ်ယူရတဲ့ တိုင်းဌာနချုပ်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၉ ခုနှစ်မှာ ကိုးကန့်တပ် MNDAA ကို ကိုးကန့်မြေပေါ်က တိုက်ထုတ်ခဲ့မှုမှာလည်း ရမခရဲ့ အမိန့်ကွပ်ကဲမှုတွေ ပါဝင်ခဲ့ပါတယ်။
သဲထဲရေသွန်ဖြစ်နေတဲ့ စစ်ကောင်စီရဲ့ကြိုးပမ်းမှု
****************
လားရှိုးတိုက်ပွဲကို တစ်လမ်းချင်းတိုက်ယူခဲ့ရတဲ့ စတာလင်ဂရက်တိုက်ပွဲလိုဖြစ်လာမယ်လို့ စစ်ကောင်စီလော်ဘီတွေက မျှော်လင့်ခဲ့ကြတာပါ။ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေဟာလည်း ရမခ မကျရေးအတွက် ရှမ်းတောင်ပိုင်းနဲ့ အလယ် ပိုင်းကနေ စစ်ကူအင်အားအများအပြား စေလွှတ်ကာ ထိုးဖောက်ဝင်ရောက်စေခဲ့ပါတယ်။
စစ်ကူလာတဲ့ တပ်တွေထဲမှာ ကော့ကရိတ်အခြေစိုက် အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၁၂) က တပ် တွေလည်းပါဝင်ခဲ့ပြီး အဲဒါကြောင့် ကရင်ပြည်နယ်မြဝတီမြို့ဘက် ထိုးစစ်ဆင်နေတဲ့အောင်ဇေယျစစ်ဆင်ရေးကို ခေတ္တ ရပ်တန့်ထားရပါတယ်။
စစ်ကောင်စီစစ်ကူတပ်တွေဟာ မိုင်းရယ်ဘက်ကနေ နမ့်ပေါင်၊ အဲဒီကနေတဆင့် လားရှိုးမြို့တောင်ဘက်ခြမ်းကိုဝင် ရောက်နိုင်ရေးအတွက်ကြိုးပမ်းလာတာကိုတွေ့ရပါတယ်။ ကိုးကန့်တပ်ဖွဲ့ဟာ လားရှိုးမြို့ပေါ် စစ်ဆင်ရေးမစတင်ခင်က တည်းက နမ့်ပေါင်မှာရှိတဲ့ ခလရ-၂၉၁ကို အရင်သိမ်းပိုက်ကာ ခံစစ်စည်းကို ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။
တကယ်တမ်း စစ်ကောင်စီတပ်ကူတွေတက်လာချိန်မှာတော့ ကိုးကန့်တပ်ဟာ နမ့်ပေါင်-မိုင်းရယ်လမ်းပိုင်းမှာရှိတဲ့ ဟို ယရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စကခ ၁၂- မှူး ဗိုလ်မှူးကြီးအောင်ကျော်မိုးကိုယ်တိုင် ကွပ်ကဲတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဟိုယရွာအနီးမှာ တိုက်ခိုက်ခံရပြီး အထိခိုက်များစွာနဲ့ ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။
ကိုးကန့်တပ်နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်တို့ရဲ့ကြားဖြတ်ဟန့်တားထားမှုကြောင့် စစ်ကောင်စီတပ်တွေဟာ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေတာတွေ့ရပါတယ်။ စစ်ကူတပ်တွေဟာ လားရှိုးမြို့ကို အခုချိန်အထိ မထိုးဖောက်နိုင်သေးဘဲ လားရှိုး-မိုင်းယော်လမ်းကနေ ပတ်ဝင်ဖို့ကြိုးပမ်းနေတယ်လို့ စစ်ရေးအကဲခတ်တွေက ဆိုထားပါတယ်။
လားရှိုး-ရမခ မကျခင်အထိ စစ်ကောင်စီတပ်သားအများစုဟာ လက်နက်မချဘဲ တောင့်ခံနေတာကိုကြည့်ရင် စတာ လင်ဂရက်တိုက်ပွဲလို အခြေအနေမျိုး မျှော်လင့်နေတယ်ဆိုတာ သိသာထင်ရှားလွန်းလှပါတယ်။
နေဝင်သွားတဲ့ ရမခ
********************
မှတ်တမ်းတင်ဂုဏ်ပြုရတဲ့အထိ ဇာတ်ကားပြန်လည်ရိုက်ကူးခဲ့တဲ့ ကွမ်းလုံရက် (၄၀) တိုက်ပွဲနဲ့ လူသိများခဲ့တဲ့ ကွမ်းလုံ အခြေစိုက်စစ်ဗျူဟာတစ်ခုလုံးဟာ (၁၀၂၇) စစ်ဆင်ရေး ပထမလှိုင်းမှာကတည်းက MNDAA လက်ထဲကျရောက်ခဲ့ပြီး ဖြစ်ပါတယ်။
(၁၀၂၇) စစ်ဆင်ရေး ဒုတိယလှိုင်းအရောက်မှာတော့ ရမခဟာ စစ်အင်အားချိနဲ့နေခဲ့ပြီဖြစ်ပါတယ်။ လားရှိုးမြို့ပေါ်မှာ ရမ ခ စစ်ဌာနချုပ်အပါအဝင် တပ်ရင်း (၂၀) ထက်မနည်းရှိနေခဲ့ပေမယ့် တိုက်ခိုက်ရေးတပ်အနည်းငယ်သာပါဝင်ပြီး အများ စုဟာ ထောက်ပို့ရေး၊ ဆက်သွယ်ရေးနဲ့ အင်ဂျင်နီယာတပ်ရင်းတို့လို လက်ရုံးတပ်တွေ ဖြစ်နေခဲ့တာပါ။
ရမခ အခြေစိုက်စစ်ဗျူဟာတစ်ခုဟာ တန့်ယန်းမြို့မှာရှိနေခဲ့ပေမယ့် လားရှိုးမြို့စစ်မီးဝိုင်းနေချိန်မှာစစ်ကူအနေနဲ့ မလာ ရောက်နိုင်ခဲ့ပါဘူး။ အကြောင်းကတော့ ကိုးကန့်တပ်ဟာ လားရှိုး-တန့်ယန်းလမ်းပိုင်းကို နမ့်ပေါင်ရွာကနေ ဖြတ်တောက် ထားသလို ဇူလိုင်လဝက်လောက်ကတည်းက ထောင်နဲ့ချီတဲ့ ဝတပ်ဖွဲ့တွေဟာ တန့်ယန်းမြို့ကို ဝင်ရောက်တပ်စွဲထားပြီး စစ်ကောင်စီတပ်တွေဟာ ခြေချုပ်မိခဲ့ရပါတယ်။
လားရှိုးမြို့နဲ့ အနီးဆုံးနေရာမှာရှိနေတဲ့ ကျောက်မဲမြို့ အမှတ်-၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟာလည်း (၁၀၂၇) ဒုတိယ လှိုင်းစတဲ့ ဇွန် ၂၅ ရက်ကတည်းးက ပိတ်ဆို့ခံထားရပြီး နောင်ချို၊ နမ့်လန်မှာရှိတဲ့ တပ်တွေဟာလည်း အပိုင်းလိုက်ဖြတ် တောက်ခံထားရပါတယ်။
စစ်ကောင်စီတပ်မှာ စစ်တိုင်း ၁၄ ခုရှိတဲ့အနက် လားရှိုး- ရမခ ကတော့ ပထမဆုံးကျဆုံးသွားရတဲ့ တိုင်းစစ်ဌာနချုပ် အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီ။
လက်ရှိမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိထားတယ်လို့သိရပြီး စစ်ကောင်စီ အနေနဲ့လည်း သူတို့ရဲ့အရာရှိတွေ အဖမ်းခံထားရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဗိုလ်ချုပ်တွေနဲ့လော်ဘီတွေ မျှော်လင့်ခဲ့တဲ့ စတာလင်ဂရက်လို အခြေအနေမျိုးမဖြစ်လာဘဲ ကြားဖြတ်ပိတ် ဆို့တဲ့ ဗျူဟာကောင်းလွန်းတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေကိုမထိုးဖောက်နိုင်ဘဲ ရှမ်းမြောက်ဒေသတစ်ခုလုံး လက်လွှတ်ရမယ့် အနေအထားတစ်ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။