သံလွင်ခက်။
ဩဂုတ် ၆ ၊ ၂၀၂၄။
ရန်ကုန်မြို့နှင့်နေပြည်တော်တွင် ယနေ့မနက်ပိုင်းတွင် တပ်ထောက်ခံသည့်ပွဲနှင့် MNDAA ဆန့်ကျင်သည့်ပွဲများကို အင်အားတစ်ထောင်ဝန်းကျင် စစ် ကောင်စီ တပ်ထောက်ခံသူများနှင့် မဘသအဖွဲ့ဝင်တစ်ချို့က ပြုလုပ်ခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် အင်အား ရာဂဏာန်းရှိသည့် မ.ဘ.သ အဖွဲ့ဝင်များနှင့်တပ်လော်ဘီတစ်ချို့ဦးဆောင်၍ MNDAA အမည်ခံ ကိုးကန့်သောင်းကျန်းသူများနှင့် ပူးပေါင်းအဖွဲများ၏လူမဆန်သောရက်စက်ယုတ်မာမှုအား ကန့်ကွက်ရှုတ်ချပွဲခေါင်းစဉ်များဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိသည့် လားရှိုးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA ဦးဆောင်သည့် ပူးပေါင်းတပ်က ဩဂုတ် ၃ ရက်တွင် အလုံးစုံသိမ်းပိုက်ပြီးနောက် ယခုလိုလမ်းပေါ်တက်လာခြင်းဖြစ်သည်။
ယမန့်နေ့ကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့် တော်လှန်ရေးအဖွဲ့များကို စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးမှတစ်ဆင့် အပြစ်ဖို့ခဲ့သေးသည်။
စစ်ကောင်စီက ထိုကဲ့သို့ဆန္ဒပြပွဲများပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲများကိုတက်ရောက်ရန် လိုအပ်သောလူအင်အား၊ သယ်ယူပို့ဆောင်ရေး ကားများစီစဉ်ပေးရန် ညွှန်ကြားခဲ့သည့် ရုံးစာမှာလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
ပုံစာ- ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တပ်ထောက်ခံသူတစ်ချို့ကိုတွေ့ရစဉ်။