သဇင်
ဩဂုတ် ၅၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများနေထိုင်ရာနေများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ ဩဂုတ်လ ၅ ရက် နေ့လည် ၃ နာရီခန့်တွင် စစ်ကောင်စီက လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ပေါ်က ရပ်ကွက် ၄ နှင့် မြို့မဈေးတို့တွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက “နေ့လည် ၁ နာရီတည်းက လေယာဉ်လာဝဲတယ်။ အခုထိပစ် နေတုန်းပါ။ ကွတ်ခိုင်မြို့မဈေးထဲပစ်တာ ဈေးမီးလောင်နေတယ်အခု။ ရပ်ကွက်(၄) ဘက်က ရတနာမိုးဆီဆိုင်၊ ကွတ်ခိုင် အ.ထ.က ၁ ကျောင်းဘက်ကိုလည်း ဗုံးကျတယ်” ဟု ဆိုသည်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးထိခိုက်မှုမီးလောင်မှုများနှင့် အရပ်သားထိခိုက်သေဆုံးမှု အတိအကျကို မသိနိုင်သေးဘူးဟု တအာင်းအမျိုးသမီးအဖွဲ့က ဆိုသည်။
ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လတွင်လည်း ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင်လည်း မြို့လယ်စျေးနှင့် ရပ်ကွက်အတွင်း ညသန်းခေါင်ယံအချိန်တွင် ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းကြောင့် အရပ်သား (၇) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၉) ဦး ဒဏ်ရာရရှိခဲ့သည်။
ပုံစာ-ကွတ်ခိုင်မြို့မဈေး မီးလောင်နေသည့် မြင်ကွင်း။ ဓာတ်ပုံ-Ta’ang Women’s Organization