သံလွင်ခက်။
ဩဂုတ် ၆ ၊ ၂၀၂၄။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် လုံခြုံရေးယူရန် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦးတစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့သည်ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့၌ ထုတ်ပြန်သည်။
ဩဂုတ်လ ၃ ရက်တွင် ဆိပ်ဖြူမြို့နယ် ၊ ထမ္မခေါက်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းမှ ဆိပ်ဖြူ – ပေါက် လမ်းမပေါ်သို့ လုံခြုံရေးယူရန် ရှေ့ကင်းထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကို ၎င်းတို့ နားနေကျ ချတောက်ရွာထိပ် တစ်နေရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ၏ သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ကိုသူရိန်က ” ကျွန်တော်တို့ အသင့်ကြိုထောင်ထားခဲ့တာနေရာက သူတို့ ရပ်နားနေကြကင်းနေရာဗျ။ ကျွန်တော်တို့ကြိုထောင်ထားခဲ့ပြီးနောက်နေ့မနက်မှာပဲမိုင်းကွင်းပေါ်မှာမနက်စာစားဖို့သူတို့ပြင်ဆင်နေချိန်မှာပဲဖောက်ခွဲလိုက်တာ။ သေဆုံးသွားတဲ့ထဲ ဒုဗိုလ်မှုးပါတယ်လို့ကြားသိရတယ် ” ဟုဆိုသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဒုဗိုလ်မှုးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်များဘက် ထိခိုက်မှုမရှိခဲ့ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ)၊ ဆိပ်ဖြူမြို့ နယ် ပကဖ ၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်းနှင့် တပ်ခွဲ ၃ NSP တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဆိပ်ဖြူမြို့နယ် ၊ ထမ္မခေါက်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းတွင် စစ်ကောင်စီအင်အား ၁၀၀ ခန့်ရှိပြီး အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူကားများကို စက်ကြေးကောက်ခြင်း၊ ခရီးသွားပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများလုပ်ဆောင်နေသည့် စခန်းတစ်ခုဖြစ်သည်ဟု ဒေသခံများထံက သိရသည်။