ခင်သရဖီဦး
သြဂုတ် ၁၊ ၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုရပ်တန့်နေခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေပြီး ကုန်စျေးနှုန်းမှာလည်း ၃ ဆအထိ မြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လတွင် စစ်ကောင်စီတပ်နှင့် AA တို့အကြား ထိတွေ့တိုက်ပွဲတစ်ချို့ရှိခဲ့ပြီးနောက် စစ်ကောင်စီမှစစ်ဆေးရေးတင်းကြပ်လာသဖြင့် ကုန်တင်ကားသွားလာမှုတစ်ချို့ရပ်တန့်နေပြီး ကုန်စည်စျေးနှုန်းများမြင့်တက်လာရခြင်း ဖြစ်သည်။
“ရန်ကုန်ဖက်က ဘာကားမှလည်း မလာရတော့ ရိက္ခာတွေပြတ်လာတာပေါ့။ ရှိနေတဲ့ ရိက္ခာတွေက စျေး ၃ ဆ လောက် ကိုမြင့်သွားတယ်။ အစကတည်းက တောင်ကုတ်က ရခိုင်ပြည်ထဲက ပစ္စည်းတွေ အဝင်ရှိနေတာမဟုတ်ဘူးလေ။ ကားလမ်းတွေ အကုန်ပိတ်သွားတော့ ကျပ်တည်းသွားတာပါ” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ပေါ်ဆန်မွေးဆန် တစ်အိပ်လျှင် ယခင် ၇၀,၀၀၀ ကျပ် မှ ယခု ၁၆၀,၀၀၀ ကျပ်၊ စားဆီတစ်လီတာကို ယခင် ၇,၀၀၀ မှ ယခု ၁၆,၀၀၀ ကျပ် အထိ စျေးမြင့်တက်သွားလျက်ရှိနေသည်ဟု ဒေသခံများထံက သိရသည်။
ထို့အပြင် ဒေသအတွင်းအလုပ်အကိုင်ရှားပါးသဖြင့် ဝယ်ယူစားသောက်ရန် ငွေကြေးအခက်အခဲများနှင့်ရင်ဆိုင်နေရသည်ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“စျေးတွေ အသာကုန် ထိုးတက်သွားတော့ ပစ္စည်းတွေ ရှာရတာလည်း မလွယ်ဘူး။ ရှိနေတဲ့ လူတွေကတော့ ကျန်ခဲ့တာတွေကိုစျေးတင်ပြီး ရောင်းကြတာပေါ့။ ရေမကြီးခင်ကတည်းက တစ်စစ တက်လာတာ။ အခုက ဘာပစ္စည်းမှတောင် မဝယ်နိုင်ဘူး။ အလုပ်က အတည်တကျရှိနေတာလည်းမဟုတ်တော့ ပိုပြီးခက်ခဲတယ်” ဟု ၎င်းကဆိုသည်။
တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့မှာ ဇွန်လ ဒုတိယပတ်လောက်မှစတင်ကာ တောင်ကုတ်တက္ကသိုလ်ကျောင်းအနီးနှင့် ချောင်းကောက်ရပ်ကွက်တို့တွင် ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် တိုက်ပွဲများရပ်တန့်နေပြီး နှစ်ဖက်လုံးမှမြို့ထဲတွင် နေရာယူထားလျက်ရှိသည်ဟု AA နှင့် နီးစပ်သူများထံမှ သိရသည်။
ပုံစာ- တောင်ကုတ်တက္ကသိုလ်အနီးမြင်ကွင်း။ ဓာတ်ပုံ- သံလွင်ခက်