ခင်သရဖီဦး
ဇူလိုင် ၂၆၊ ၂၀၂၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့် သံတွဲမြို့တို့တွင် မိုးသည်းထွန်စွာရွာသွန်းနေခြင်းကြောင့် ချောင်းရေတိုးကာ ရေဘေးကြုံနေရသည့် ဒေသခံများ စားနပ်ရိက္ခာထောက်ပံ့မှုများ လိုအပ်နေသည်ဟု ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
တောင်ကုတ်မြို့က မြေနိမ့်ရပ်ကွက်များဖြစ်သည့် ချောင်းကောက်၊ ဆေးရုံကွက်သစ်၊ မီးစက်အကွက်သစ်၊ ဝေကြီးရပ်ကွက်၊ နတ်မော်ကျေးရွာနှင့် ဝေကျိတ်ကျေးရွာတို့တွင် ရေမြင့်တက်ဆဲဖြစ်ကာ ရိက္ခာထောက်ပံ့မှုများလိုအပ်နေသည်ဟု တောင်ကုတ်မြို့၊ ရှင်သန်ရေးလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“တစ်မြို့နယ်လုံး စာနပ်ရိက္ခာထောက်ပံ့မှုလို အပ်နေတာပါပဲ။ မြေနိမ့်ပိုင်းရပ်ကွက်က တစ်ရပ်ကွက်တိုင်းက တကယ့်အဆင်မပြေတဲ့ အိမ်ခြေ ၇၀ လောက် ကိုရှိပါတယ်။ ကျွန်တော်တို့ကတော့ ကူညီပေးဖို့အတွက်ကို ပြင်ဆင်နေတာတွေရှိပါတယ်” ဟု ၎င်းက ဆိုသည်။
တစ်ဖက်တွင် တောင်ကုတ်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ကာ ရေဘေးသင့်ပြည်သူများအားတစ်စုံတစ်ရာ ထောက်ပံ့မှုတွေ မရှိသေးဘူးဟု ဒေသခံများထံက သိရသည်။
“အခု ဒီရေတက်ချိန်ဆိုတော့ ပြန်ပြီးတက်လာတယ်။ မနေ့ကလို့ ၆ ပေလောက်ထိ တက်ပါတယ်။ မီးတွေလည်း ပြတ်နေတော့ စားရေးသောက်ရေးက အဆင်မပြေပါဘူး။ ကယ်ဆယ်ပေးတဲ့အဖွဲ့တွေလည်း မတွေ့မိဘူး” ဟု တောင်ကုတ်မြို့ပေါ်က ဒေသခံတစ်ဦးက ဆိုသည်။
ထို့အတူ သံတွဲမြို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် မြို့ပေါ်ရပ်ကွက်များမှာ ဆက်လက် ရေနစ်မြုပ်နေပြီး အကူအညီတွေမရရှိဘူးဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
“သံတွဲချောင်းက ဒီရေတက်ချိန်ဆို ပိုးဆိုပါတယ်၊ မြို့ထဲ အခြေအနေတော့ အတိအကျတော့ မသိရဘူး။ ကျေးရွာတွေဖက်မှာလည်း ရေနစ်တာတွေရှိတော့ ကူညီမယ်လူတွေကတော့ မရှိပါဘူး။ စစ်ဘေးရှောင်နေရတဲ့လူတွေများတော့ ကယ်ဆယ်ရေးကလည်းမရှိဘူးပေါ့။ စားနပ်ရိက္ခာလိုအပ်မှုတွေရှိနေတာပေါ့” ဟု ၎င်းက ဆိုသည်။
သံတွဲမြို့အနီးအနားတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်နေသည်။
ပုံစာ- ရေနစ်မြှုပ်နေသည့် တောင်ကုတ်မြို့ပေါ်မြင်ကွင်း။ ဓာတ်ပုံ – နော်လေးဖေ့စ်ဘွတ်ခ်။