နန်းဆုပန်ခန့်
ဇူလိုင် ၂၇၊ ၂၀၂၄။
ထိုင်း – မြန်မာနယ်စပ်က သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၁၁ ပေနီးပါး မြင့်တက်လာတာကြောင့် မဲဆောက်မြို့၊ အမှတ်- ၁ ချစ်ကြည်ရေးတံတားအနီးဝန်းကျင်က မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြှုပ်ခဲ့ပြီး ဒေသခံတွေ ပြောင်းရွှေ့နေကြရပါတယ်။
မနေ့ည ၁၂ နာရီဝန်းကျင်ကစပြီး ရုတ်တရက်မြစ်ရေတက်လာတာကြောင့် တံတားအနီးက ဈေးဆိုင်တွေကကုန်ပစ္စည်းတွေကို ပြောင်းရွှေ့ခဲ့ရသလို ဒီမနက်ပိုင်းမှာ အမိုးနီရပ်ကွက် (ခေါ်) နွန်(မ်)တွန့်(မ်)ဖု(င်) ရပ်ကွက်က နေအိမ် ၃၀၀ ကျော်နီးပါး ရေနစ်မြှုပ်ခဲ့လို့ လူဦးရေ ၉၀၀ ကျော်ဟာ ရေးဘေးကြုံနေရတာဖြစ်ပါတယ်။
“အဲ့ဒီနားက မြစ်နဲ့နီးတော့ မြစ်ရေတက်တာ ၃ ရက်လောက်ရှိပြီ၊ ပြီးခဲ့တဲ့ရက်က မြေနိမ့်ပြီးတော့ အိမ်ခြေထောက်နိမ့်တဲ့ အိမ်ပဲ ပြောင်းရတာ။ ဒါပေမယ့် ဒီနေ့မှ အကုန်ပြောင်းနေရတာ။ တချို့ကြတော့ အသိအိမ်ဆီသွားနေတယ်။ တချို့ကျ တော့ ဘုန်းကြီးကျောင်းမှာ သွားနေတယ်” ဟု အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ရေဘေးသင့်ပြည်သူတစ်ချို့ဟာ အုတ်ဖိုဘုန်းကြီးကျောင်းကို သွားရောက်ခိုလှုံနေကြသလို နီးစပ်ရာဆွေမျိုးတွေကို ရွေ့ပြောင်းနေကြရပါတယ်။
ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေကလည်း ရေနစ်မြှုပ်နေတဲ့ ဈေးဆိုင်က ပစ္စည်းတွေကို ကူရွှေ့ပေးနေသလို ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။
ချစ်ကြည်ရေး အမှတ် ၁ တံတားအနီးမှာ ဈေးရောင်းချနေတဲ့ အမျိုးသမီးတစ်ဦးကလည်း “မနေ့က ၁၂ နာရီလောက်ကတည်းက ရေကချက်ချင်းကြီး တက်လာတာဆိုတော့လေ။ ကျွန်မတို့ကျတော့ မနေ့ကတည်းက ရွှေ့ထားတာဆိုတော့ သိပ်ပြီးတော့မရှုံးဘူး။ တချို့ကတော်တော်များများ ၄၀ ရာခိုင်နှုန်းတော့ရှုံးတယ်။ ကျွန်မတို့ကျတော့ ပိုက်ဆံနဲ့ဆိုရင် ဘတ် ၃ သောင်းနီးပါးရှုံးတယ်” လို့ ပြောပါတယ်။
လာမဲ့ ၂၄ နာရီအတွင်းမှာ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲ ဆက်လက်မြင့်တက်နေဦးမယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။
ပုံစာ – အမှတ် (၁) တံတားရှိ ဈေးဆိုင်များနှင့် ထိုင်းအဏာပိုင်တချို့ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်။ ဓါတ်ပုံ – သံလွင် ခက်