ထူးချစ်(Ashoka Fellows 2008)
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် လူ့အခွင့်အရေးတို့အတွက် တိုက်ပွဲဝင်နေကြသူများ တနည်းအားဖြင့် လက်နက်ကိုင်တော်လှန်ရေးသမားဆိုသူများအနေနှင့် တစ်ခါတစ်ရံ ရည်ရွယ်ချက် ရှိရှိ နှင့်ဖြစ်စေ၊ မလွှဲသာမရှောင်သာကြောင့် ဖြစ်စေ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟု သတင်း ရင်းမြစ်များစွာက ဖော်ပြနေကြသည်။
အဓိကအားဖြင့် စစ်မြေပြင်နှင့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူ များနှင့် လက်နက်ချအညံ့ခံသည့် တစ်ဖက်စစ်သားများအား (စစ်သုံ့ပန်းဥပဒေကို မျက်ကွယ်ပြု၍) နှိပ်စက် ညှဉ်းပမ်းခြင်း၊ သတ်ဖြတ်ခြင်းများ ရှိနေသည်ဟု ဖော်ပြနေကြသကဲ့သို့ တစ်ချို့သော လက်နက်ကိုင်အဖွဲ့ အစည်းများအနေနှင့် လူ့အခွင့်အရေး ချိုးဖောက်ထားသည့် ရုပ်သံမှတ်တမ်းများနှင့် ဓါတ်ပုံအထောက် အထားများကို ပေါ်ပေါ်ထင်ထင် လူမှုကွန်ယက်များတွင် ဖော်ပြနေကြသည်ကို မြင်တွေ့နေရသည်မှာ အံ့ဩတုန်လှုပ်ဖို့ ကောင်းသည်။
ထိုအပြင် တော်လှန်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ အနေနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ၊ အကြမ်းဖက်မှုများနှင့် ဒေသခံပြည်သူများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ဆက်ဆံမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ရှိနေသည်။
တော်လှန်ရေးခေါင်းဆောင်များနှင့် ရဲဘော် (တပ်ဖွဲ့ဝင်) များအနေနှင့် လူ့အခွင့်အရေး ချိုးဖောက် မှုများ ကျူးလွန်သည်ဟုဆိုရာတွင် အဆိုပါတပ်ဖွဲ့ဝင်များ ခေါင်းဆောင်များ၏ နိုင်ငံရေးရပ်တည်ချက်၊ ယုံကြည်ချက်၊ ခံယူချက်၊ လူ့အခွင့်အရေးများကို တန်ဖိုးထားလေးစားမှု၊ အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေးဖြစ်ထွန်းမှု၊ တရားမျှတမှု စသည့် ဗဟုသုတနှင့် အတွေ့အကြုံ၊ အသိအမြင်များပေါ်တွင် အခြေခံ နိုင်သည်ဟုလည်း ထင်မြင်ယူဆမိသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနှင့် ၂၀၁၂ ခုနှစ်၊ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးပြီးခဲ့သည့် အချိန်တွင် လူထုနှင့် တိုက်ရိုက်ထိစပ်ဆက်ဆံရမည့် စစ်ဖက်၊ အရပ်ဖက် ခေါင်းဆောင် များအား လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ (Transitional Justice) သင်တန်းများကို သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သူများဖိတ်ခေါ်ပြီး သင်တန်းပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကရင်နီအမျိူးသား၊တပ်မတော်အနေနှင့် အပြည်ပြည်ဆိုင်ရာ စစ်သုံ့ပန်းဥပဒေနှင့် ပတ်သက်ပြီး လေးစား လိုက်နာခဲ့သည့် သမိုင်းဝင်အဖြစ်အပျက်များ များစွာရှိခဲ့ဖူး၏။ အဆိုပါများပြားလှသည့် အဖြစ်အပျက်များ အနက် ၁၉၈၀ ခုနှစ်ဝန်းကျင်ခန့်က ဘောလခဲနှင့် ဖားဆောင်းမြို့နယ်အကြားရှိ ပွန်ချောင်းကြိုးတံတား စခန်းသိမ်းတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ ဒဏ်ရာရရဲဘော်များအား နို့နှင့်စားသောက်စရာများအား စစ်ကူရောက် မလာနိုင်ခင်အထိ စားသုံးအာဟာရ ဖြစ်နိုင်ရန် စီစဥ်ပေးခဲ့သည်ဟု အဆိုပါတိုက်ပွဲတွင် ပါဝင်ခဲ့သည့်၊ တပ်မှူး တစ်ဦးမှ ပြောပြခဲ့ဖူးသည်။ ဆိုလိုသည်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ဆိုသော်ငြား လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်များကို ထိန်းသိမ်းလုပ်ဆောင်သင့်ပေသည်။
အလားတူပင် ၁၉၉၂ ခုနှစ် ဝန်းကျင်ခန့်ကလည်း ကရင်နီနယ်စပ်ရှိ မြန်မာ့တပ်မတော်စခန်း တစ်ခု ကို ကရင်နီတပ်မတော်မှ တိုက်ခိုင်သိမ်းပိုက်ခဲ့ရာ. ဗိုလ်ဖုန်းတင့် အပါအဝင် မြန်မာတပ်မတော်မှ အကြပ် တပ်သားရဲဘော်အပါအဝင် (၁၃) ဦးကို အပြည်ပြည်ဆိုင်ရာ၊ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိမ်းသိမ်းစောင့် ရှောက်ခဲ့ပြီး ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် မြန်မာအစိုးရထံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည့် သမိုင်းဖြစ်ရပ်များရှိခဲ့ဖူးပါသည်။ (ဗိုလ်ဖုန်းတင့်မှာ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးဖုန်းတင့် ဆိုသူဖြစ်သည်ဟု သိရသည်။)
KNPP အနေနှင့် အပြည်ပြည်ဆိုင်ရာစစ်သုံ့ပန်း ဥပဒေများကို လေးစားလိုက်နာခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင်၊ ကရင်နီတပ်မတော်မှ ရဲဘော် (၃) ဦးနှင့် အရပ်သား (၁) ဦးကို ဖမ်းဆီးသတ်ဖြတ်ခံခဲ့ ရသည်။ အဆိုပါ မတရားသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဥ်နှင့်ပတ်သက်ပြီး မြန်မာ့တပ်မတော်အနေနှင့် တာဝန်ယူမှု မရှိခဲ့သကဲ့သို့ အဆိုပါကာလက၊ ရွေးကောက်ခံအစိုးရအနေနှင့်လည်း ထိရောက်သည့် ဖြေ ရှင်းမှုများ ဆောင်ရွက်လုပ်ကိုင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ချေ။
၂၀၁၂ ခုနှစ်နောက်ပိုင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနှင့် ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့တွင် လူထုတွေ့ဆုံရှင်းလင်းရေး လုပ်ငန်းများကို ပုံမှန်ပြုလုပ်ခဲ့ရာ အဆိုပါ ရှင်းလင်းပွဲတစ်ခုတွင်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်နယ်၊ခေါင်းဆောင်အမျိူးသမီးကြီးတစ် ဦးမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များအနေနှင့် “လူထုကို နိုင်စားကြောင်း (သူမပြောသည့် စကား အတိုင်း)“ ထိမ်းသိမ်းအရေးယူပေးရန် တင်ပြလာသည်။
စာရေးသူအနေနှင့် တိကျရှင်းလင်းအောင် ဖြေကြားပေးခဲ့သည်။ မိမိတို့ ကရင်နီ တပ်ဗိုလ်၊ တပ်မှူးများအနေနှင့် မိမိတို့ ထမ်းဆောင်နေရသည့် တာဝန်ပေါ်မူတည်ပြီး လိုအပ်သည့် လူ့အခွင့်အရေးသင်တန်းများ တက်ရောက်ပြီးဖြစ်ပါကြောင်း၊ အမေရိ ကန် စစ်တပ်ပင်လျှင် အီရတ်၊ အာဖကန်နစ်စတန်၊ ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့ပါကြောင်းနှင့် ကရင်နီတပ်မတော်၊တပ်ဖွဲ့ဝင်တွေအနေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည် ဆိုပါကလည်း စနစ်တကျ အချက်အလက် ပြည့်ပြည့်စုံစုံ (ဘ) ခြောက်လုံး နှင့်အညီ တိုင်တန်းနိုင်ပါကြောင်းနှင့် အချက်အလက် တိတိကျကျ ရှိပါက ယခုပင်တိုင်ကြားနိုင်ပါကြောင်း ပြောကြားခဲ့ဖူးသည်။ သို့သော်အဆိုပါ၊ ပါတီခေါင်းဆောင်အနေနှင့် အချက်အလက် တိတိကျကျ မတင်ပြ နိုင်ခဲ့ပါ။
မည်သည့် တော်လှန်ရေးမဆို လူထုထောက်ခံမှု့ ရရှိမှသာ အောင်မြင်နိုင်မည်ဟု ယုံကြည်သည့် အလျှောက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေနှင့် လူထုဆန့်ကျင်ရေး မလုပ်မိစေရန် လွန်စွာ အရေးကြီးပါသည်။ နိုင်ငံရေး/စစ်ရေးခေါင်းဆောင်များအနေနှင့် ပြဿနာတစ်ရပ်ကို ကိုင်တွယ် ဖြေရှင်းလိုပါကလည်း နိုင်ငံရေးနှင့် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများပေါ်တွင်သာ အခြေခံပြီး ကိုင်တွယ် ဖြေရှင်းသင့်သည်။ မိမိတို့ တစ်ဦးတစ်ယောက်တည်း၏ ခံစားချက်ပေါ်တွင်၊ အခြေခံပြီး ကိုင်တွယ်ဖြေရှင်းမည် ဆိုပါက မလိုလားအပ်သည့် နောက်ဆက်တွဲ အကျိုးဆက် အမှားများကို ကျူးလွန် ရင်ဆိုင်ရနိုင်ပါသည်။
မိမိတို့အနေဖြင့် မတရားအုပ်ချုပ်သည့်စနစ်ကို မကြိုက်နှစ်သက်ပါ။ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ချိုးဖောက်များကို မနှစ်မျို့ပါ၊ မိမိတို့ တိုက်ခိုက်နေသည့် (ရန်သူ) လုပ်သည့် လုပ်နည်းလုပ်ဟန် အတိုင်း ကျင့်ကြံ ပြုမူလုပ်ဆောင်နေပါက လူထု၏ အပြစ်ပေးဒဏ်ခတ်ခြင်းကို တစ်ချိန်ချိန်တွင် မလွဲ မသွေ ခံရမည်ဖြစ်ပါသည်။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေနှင့် အရပ်သားများအား ပစ်မှတ်မထားရန် တားမြစ် ထားသည့် ဂျီနီဗာသဘောတူညီချက်များ အပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်း များ၏ အခြေခံမူများကို တိတိကျကျ လိုက်နာသင့်ပေသည်။။
ဓါတ်ပုံ – နယ်စပ်တနေရာရှိ KNPP ဗဟိုဌာနချုပ်တွင် ၂၀၁၂ ခုနှစ်၌ တပ်ဗိုလ်၊ တပ်မှူး၊ အုပ်ချုပ်ရေးမှူးများအား လူ့အခွင့်အရေးဆိုင်ရာသင်တန်းများ ပို့ချစဉ်