ယမင်းဖူးပွင့်အောင်
ဇူလိုင် ၂၃၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် အနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA က သိမ်းပိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
တရုတ်နိုင်ငံ၏စိုးရိမ်မှုကြောင့် ယခုဇူလိုင်လအကုန်အထိ အပစ်ရပ်ထားသော်လည်း လားရှိုးမြို့အဝင် ကားကြီးကွင်း အနီးရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ- ၄၁ တပ်နေရာဟောင်းဖြစ်သည့် လက်ရှိအကြမ်းဖက်နှိမ်နင်းရေးတပ်နှင့် ခမရ- ၅၂၂ နေရာဟောင်းဖြစ်သည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်တို့ကို ယနေ့နေ့လည်ပိုင်းတွင် သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
တစ်ဆက်တည်း၌ပင် မုံးယော်-လားရှိုးလမ်းပေါ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၆၈ တပ်ကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ခဲ့သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“ခလရ-၄၁ နေရာဟောင်း။ တကယ်တမ်းကတော့ တိုင်းစစ်ဌာနချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖြစ်ထားတာကြာပြီ။ ပြီးတော့ အကြမ်းဖက်နှိမ်နင်းရေးတပ်နဲ့တစ်ဆက်တည်း ခြံစည်းရိုးကပ်လျက်တည်ရှိနေတဲ့ ခမရ-၅၂၂ နေရာဟောင်းပေါ့။ ရမခရဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ပေါ့။ အဲ့တပ်နှစ်ခုလုံး MNDAA တို့သိမ်းလိုက်ပါပြီ။ မရှေးမနှောင်းပါပဲ။ ဆက်တိုက်ပါပဲဗျ။ တစ်လက်စတည်း မုံးယော်၊ လားရှိုးလမ်းပေါ်က ခလရ-၆၈ ကိုလည်း သိမ်းလိုက် ပါပြီ” ဟု ၎င်းက ပြောသည်။
ခလရ-၆၈ အနီးတွင် အမြှောက်တပ် အမတ-၃၀၆ ရှိပြီး ၎င်းတပ်ကို ဆက်လက်သိမ်းပိုက်နိုင်မှ ၆၈ တပ်တွင် MNDAA တပ်အနေဖြင့် ခြေကုပ်ယူထားနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်ကလည်း လားရှိုးမြို့တဝိုက်က စစ်ကောင်စီတပ်သား ဒုဗိုလ်မှူးကြီးအပါအဝင် တပ်သား ၃၀၀ ကျော်ဟာလည်း လက်နက်ချအလင်းဝင်ခဲ့သည်ဟု MNDAA ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-The Kokang (ပုံဟောင်း)