စကားမောင်
ဇူလိုင် ၁၄၊ ၂၀၂၄။
မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာ ရေကြီးရေလျှံမှုဟာ နှစ်စဉ်ကြုံတွေ့ရတဲ့ သဘာဝဘေးတစ်ခုဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်တာကာလမှာဆိုရင် ၂၀၀၈ ခုနှစ်နာဂစ်မုန်တိုင်းအပါအဝင် ၂၀၁၅ ခုနှစ်၊ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ခုနှစ် တွေမှာ ရေကြီးတာတွေကြုံခဲ့ရပြီးတော့ ပြည်သူတွေရဲ့ဘဝနေထိုင်မှုတွေ ပျက်စီးခဲ့ရတာနဲ့အတူ လူသေဆုံးမှုတွေ အများအပြားရှိခဲ့ပါတယ်။
အခုနှစ်လည်း မိုးရေကြီးတာတွေ မြစ်ရေလျှံတာတွေကြောင့် ဧရာဝတီမြစ်၊ ဒုဌဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် တခြားသော မြစ်ကမ်းပါးအနီးက ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးဒေသတွေမှာ ရေဘေးကြောင့်လူဦးရေသောင်းနဲ့ချီ ဒုက္ခ အတိရောက်နေကြရတာပါ။
ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီးနောက်မှာလည်း နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက စောင့်ကြိုနေဆဲပါ။ ဒါကြောင့် ဘယ်အချက်တွေကို ဂရုပြုသင့်လဲဆိုတာနဲ့ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနက CDM လက် ထောက်ဆရာဝန်၊ ဒေါက်တာစုကို သံလွင်ခက်က ဆက်သွယ်မေးမြန်းထားပါတယ်။
သံလွင်ခက် – ရေကြီးရေလျှံတဲ့အခါနဲ့ နောက်ဆက်တွဲ ကျန်းမာရေးအရ ဘာတွေသတိထားသင့်လဲရှင့်။
ဒေါက်တာစု- အခုလက်ရှိမှာလည်း ရေကြီးနေတယ်ဆိုတော့ ဖြစ်နိုင်ခြေအများဆုံးက ရေနစ်နဲ့ ထိခိုက်ဒဏ်ရာရတာတွေ ကတော့ ဖြစ်နိုင်တယ်။ နောက်ပြီး နာတာရှည်ရောဂါသည်တွေဆိုရင် ရေကြီးနေတာကြောင့် ကျန်းမာရေးဌာနတွေကို မသွားနိုင်တာရှိနိုင်တယ်။ လိုအပ်တဲ့ ကုသမှုတွေ မယူနိုင်ဘူးပေါ့။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အဆောက်အဦးတွေ လည်း ပျက်စီးနိုင်တယ်။ နောက်ပြီး စိတ်ဓာတ်ကျတာနဲ့ စိတ်ဖိစီးမှုတွေလည်း ဖြစ်နိုင်တယ်။
သံလွင်ခက် – ရေကြီးတာကြောင့် နောက်ဆက်တွဲရောဂါတွေဆိုရင်ရော ဘာတွေဖြစ်မလဲဒေါက်တာ။
ဒေါက်တာစု – ကူးစက်ရောဂါတွေ အများဆုံးဖြစ်နိုင်တယ်။ အပိုင်းငါးပိုင်းနဲ့ ပြောပြသွားပါမယ်။ အရေပြားမှာ ကူးစက် ရောဂါဖြစ်နိုင်တယ်၊ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်နိုင်တယ်၊ အူနဲ့ဆိုင်တဲ့ ကူးစက်ရောဂါ၊ အကောင်တွေ အိမ်မွေးတိ ရိစ္ဆာန်တွေကနေဆင့် ကူးစက်တဲ့ရောဂါတွေဖြစ်နိုင်တယ်၊ လူစုလူဝေးအရမ်းများတော့ ငှက်ဖျားတို့၊ သွေးလွန်တုပ်ကွေးတို့လည်း ဖြစ်နိုင်တယ်။
သံလွင်ခက်- ဘာကြောင့် အဲ့ဒီ့ကူးစက်ရောဂါ ၅ မျိုးက ဖြစ်တာလဲရှင့်။
ဒေါက်တာစု – တစ်ခုချင်းစီပြန်ပြောရမယ်ဆိုရင် အရေပြားကူးစက်ရောဂါက အရေပြားပေါ်မှာ ထိခိုက်ဒဏ်ရာ ရှတာ တွေ၊ ပြတ်တာတွေဖြစ်နိုင်တယ်။ နောက်ပြီးတော့ ဘတ်တီးရီးယားကြောင့် ပိုးဝင်တာ၊ အရေပြားပေါ်မှာ မှိုကြောင့်ဖြစ် တာ။ ရေစိုစိစိုစပ်ဖြစ်တာကြောင့် လက်တွေမှာ၊ အရေပြားတွေမှာ မှိုစွဲရောဂါလိုမျိုးဖြစ်နိုင်ပါတယ်။
အဆုတ်နဲ့ဆိုင်တဲ့ရောဂါတွေကြတော့ တချို့ခဏတာဖြစ်တာဆိုရင် ချောင်းဆိုးကြမယ်၊ အအေးပတ်ကြမယ်၊ ဖျားမယ် ပြီးသွားရင်တုပ်ကွေးလိုမျိုးဖြစ်မယ်၊ နီမိုးနီးယားအဆုတ်ပွတာတွေဖြစ်နိုင်တယ်။
အူလမ်းကြောင်းနဲ့ဆိုင်တာတွေကြတော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်နိုင်တယ်၊ အူရောင်ငန်းဖျားရောဂါတွေလည်း ဖြစ်နိုင်တယ်။
နောက်တစ်ခုက ရေကြီးရင် အိမ်မွေးတိရိစ္ဆာန်တွေနဲ့ အနီးကပ်လေးမှာ ရှိနေတာလေ။ လူစုလူဝေးနဲ့ ကယ် ဆယ်ရေးစခန်းတွေမှာရောနေကြရတော့ အဲ့ဒီတိရိစ္ဆာန်တွေကနေ တစ်ဆင့်ကူးတဲ့ရောဂါတွေဖြစ်နိုင်တယ်။ ဥပမာဆို အဲ့ဒီ တိရိစ္ဆာ တွေရဲ့ အမွှေးအမျှင်တွေမှာရှိနေတဲ့ ပိုးတွေကနေတဆင့် လူတွေနဲ့ထိတွေ့ပြီး ရောဂါဖြစ်နိုင်တယ်။ အဲ့လို ဖြစ်လာပြီဆိုရင် ခေါင်းကိုက်တာတို့၊ ဖျားတာတို့ အဲ့လိုရောဂါလက္ခဏာတွေဖြစ်တတ်တယ်။
နောက်တခုက ခြင်တွေ၊ ယင်တွေများတဲ့အတွက်ကြောင့် ခြင်ကနေ သွေးလွန်တုပ်ကွေးရောဂါသယ်ဆောင်ပြီးတော့ လူတစ်ယောက်ကို ကိုက်လိုက်တယ်။ ပြီးသွားလို့ နောက်တယောက်ကို ထပ်ကိုက်လိုက်ပြီဆိုရင် အဲ့ဒီ့လို ကူးစက်ရောဂါတွေဖြစ်နိုင်တယ်။ ပြီးတော့ ငှက်ဖျားရောဂါသယ်ဆောင်လာတဲ့ ခြင်ကိုက်တယ်ဆိုရင် ကူးစက်မှုတွေဖြစ်နိုင်တယ်။ ယင်ကောင်တွေကြောင့်လည်း ဝမ်းပျက်၊ ဝမ်းလျှောတွေဖြစ်နိုင်တယ်။
သံလွင်ခက်- ဒီလိုရောဂါတွေကို ကာကွယ်ဖို့အတွက်ဆိုရင်ရော ဘာတွေလုပ်ရမလဲရှင့်။
ဒေါက်တာစု- အဓိကကတော့ ရေပဲ။ ရေလုံလောက်မှုရှိရမယ်။ သန့်ရှင်းတဲ့ရေကို လုံလုံလောက်လောက်ရှိမှပဲ လူတွေက ကူးစက်ရောဂါကို ကာကွယ်နိုင်မယ်။ ပြီးသွားရင် လက်ဆေးတဲ့အကျင့်လုပ်ရမယ်။ ဒီလောက် လူစုလူဝေးများတဲ့အတွက် လက်ကို ဘာပဲကိုင်ကိုင် ကိုင်ပြီးတိုင်း လက်ဆေးရမယ်။
အစားအသောက်ဆိုရင်လည်း ယင်နားစာတွေမစားဖို့၊ သန့်ရှင်းလတ်ဆတ်တဲ့ အစားစာတွေပဲစားဖို့။ နောက်တစ်ချက်က အညစ်အကြေးစွန့်တာ။ အဓိက ရေကို လုံလုံလောက်လောက်ရပြီးတော့ အညစ်အကြေးစွန့်တာကို သေသေချာချာ စွန့်ပစ်မှပဲ ကူးစက်ရောဂါအများစုကို ကာကွယ်နိုင်မယ်။
သံလွင်ခက် – ဒီလိုရေကြီးနေတဲ့အချိန်မှာဆိုရင် သန့်ရှင်းတဲ့ရေကို ရဖို့ဆိုတာခက်တယ်။ အဲ့ဒါမျိုးဆိုရင် ဆရာမအနေနဲ့ ဘယ်လိုမျိုးလုပ်သင့်တယ်ဆိုတာလေး အကြံပေးပေးပါဦးရှင့်။
ဒေါက်တာစု – သန့်ရှင်းတဲ့ရေကို ရဖို့ခက်တယ်ဆိုရင် အဓိကကတော့ ရေကိုကြိုချက်ပြီး သောက်တာအကောင်းဆုံးပဲ။ ရေကို ကြိုချက်ပြီးသောက်တာဆိုရင်တော့ ရောဂါပိုးတော်တော်များများ သေသွားတယ်ပေါ့နော်။ ဒီတိုင်းရေကို မ သောက်ဘဲနဲ့ ကြိုချက်တဲ့ရေကိုမရဘူးဆိုရင် ကလိုရင်းခပ်တဲ့ရေကို သုံးနိုင်ရင်တော့ ရောဂါတော်တော်များများကို ကာကွယ်နိုင်မယ်။
သံလွင်ခက် – ဒါဆိုရင် ရေကြီးနိုင်တဲ့နေရာတွေက လူတွေအနေနဲ့ရော ဘယ်လိုကြိုပြီး ပြင်ဆင်သင့်လဲရှင့်။
ဒေါက်တာစု- မြစ်ကမ်းဘေးတလျှောက်မှာ နေနေတဲ့လူတွေဆိုရင် သတိပိုထားရမှာပေါ့နော်။ ရေကြီးတာက မြစ်ရေ တက်လာတဲ့အချိန်မှာနဲ့ မိုးဆက်ရွာတဲ့အချိန်ဆို ရေမကြီးသေးပေမယ့်လည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်။ တနိုင် တပိုင် ကိုယ်သောက်နေတဲ့ဆေးတွေ အဆင်သင့်ပြင်ထားတာမျိုး လုပ်သင့်တယ်။ ကျန်းမာရေးအသိပညာပေးတာကို သေသေချာချာပေးထားနိုင်ရင် ပိုကောင်းတယ်။ ကလေးငယ်တွေ၊ လူကြီးတွေကြတော့ ပိုပြီးဂရုစိုက်ရတယ်။ ကိုယ် ကြိုတင်ပြင်ဆင်ထားရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် မပြင်ဆင်ထားတာထက် ပိုအဆင်ပြေမယ်။ ကြိုတင်ပြင်ဆင်တာက အကောင်းဆုံးပဲလို့ အကြံပေးချင်ပါတယ်။
သံလွင်ခက် – ကျေးဇူးတင်ပါတယ်။