ခင်သရဖီဦး
ဇူလိူင် ၁၃၊ ၂၀၂၄
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်ဗလကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ကာ ကျေးရွာသားတချို့ကို ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် အင်းအား ၁၀၀ ခန့်ရှိသည့် စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ သေနတ်များပစ်ဖောက်ဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ခဲ့ကာ ကျေးရွာသားတချို့ကို ဖမ်းဆီးသွားခဲ့သည်ဟု မောင်တောဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“နံနက်ပိုင်းက သေနပ်ဖောက်ပြီးဝင်လာတာ။ ရွာသားတွေကိုလိုက်ပြီးပစ်တယ်။ ရွာအလယ်ကစလို့ မီးတိုက်တာ။ အခု ပြေးလာတဲ့ လူတချို့မှာလည်း ဒဏ်ရာရလူတွေပါတယ်။ တချို့အိမ်တွေကို မိုင်းထောင်ထားတာလည်းရှိတယ်”’ ဟု ၎င်းက ဆိုသည်။
ဖမ်းခံရသည့် လူဦးရေအတိအကျကို မသိရသေးသကဲ့သို့ ကျေးရွာထဲမှ အဖိုးတန် ရွှေထည်များနှင့် ငွေသားများကို ယူဆောင်သွားသည်ဟု ဒေသခံတစ်ချို့ထံက သိရသည်။
အောင်ဗလကျေးရွာသည် မောင်တောမြို့နှင့် နှစ်မိုင်ခန့်ဝေးကွာပြီး ရခိုင်လူမျိုးနှင့် ဟိန္ဒူဘာသာဝင်အများစုနေထိုင်ကြသည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါကျေးရွာသို့ ဝင်ရောက်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းတွင် ကညင် ချောင်းစီးပွားရေးဇုန်လက်နက်ကြီးစခန်းမှ စစ်သားများနှင့် မူဆလင်များပါဝင်သည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ – မောင်တောမြို့ တစ်နေရာ။ ဓာတ်ပုံ – ပေးပို့