သံလွင်ခက်။
ဇူလိုင် ၁၃ ၊ ၂၀၂၄ ။
၄ ရက်သာ အပစ်ရပ်စဲမည်ဟု ကိုးကန့်တပ်မတော် (MNDAA)က ထုတ်ပြန်ထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ဇူလိုင်လ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် MNDAA ၏ ထုတ်ပြန်ချက်တွင် ယနေ့ ည ၁၂ နာရီကနေ 18 ရက်ထိ အပစ်ရပ်မည်ဟု ဖော်ပြထားသည်။
ထို့သို့အပစ်ခတ်ရပ်ဆဲထားသည့်အချိန်တွင် စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုများလုပ်ဆောင်လာပါက ပြန်လည်ခုခံသွားမည်ဟုလည်းပါရှိသည်။
ထိုကဲ့သို့ ထုတ်ပြန်ထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ကျောက်မဲနှင့် သီပေါမြို့နယ်များတွင် ယနေ့ညပိုင်းထိတိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု ဒေသခံများထံကသိရသည်။
အပစ်ခတ်ရပ်စဲမှုနှင့်ပတ်သတ်၍ ညီနောင် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်အဖွဲ့ (MNDAA)က တရားဝင်ထုတ်ပြန်ထားသော်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) က တစုံတရာထုတ်ပြန်ထားခြင်းမရှိပေ။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား အပစ်ရပ်ရန် ဟိုင်ဂင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။