သဇင်
ဇူလိုင် ၉ ၊ ၂၀၂၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်က ၎င်းတို့၏မိုင်တိုင် (၅)တပ်စခန်းမကျစေရေးအတွက် လေကြောင်းဖြင့်ခုခံနေသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၈ ရက်မှ မိုးကုတ်မြို့နယ် မိုင်တိုင် ၅ တပ်စခန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူများအပြင် ဗျူဟာကုန်းမှလည်း အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်နေသဖြင့် လူနေအိမ်ထိခိုက်ပျက်စီးမှုရှိကာ ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု မိုးကုတ်မြို့အရှေ့ပိုင်းဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“၅ မိုင်စခန်းကို တိုက်နေတော့ အဲ့ဘက်ကိုသွားပြီး ပစ်ကူပေးတာ။ မနေ့ လက်နက်ကြီးတွေက ၅ မိုင်က ရှုခင်းသာဆိုတဲ့ ရွာကိုကျတယ် နေရာအနှံ့ပဲ။ အိမ်တွေပေါ်ကျတယ် ကွဲတာလည်းကွဲတယ် မကွဲတာရှိတယ်။ အိမ်တွေတော်တော်ပျက်စီး သွားတယ်။ လူကတော့ ၃ယောက်သေပြီး ၄ယောက်က ဆေးရုံမှာလို့ ပြောတယ် ”ဟု ၎င်းက ဆိုသည်။
ထို့အပြင် မိုးကုတ်မြို့၊ ပန်းမထိပ်အကျော်ရှိ ညောင်ကားရား(ခေါ် ) ညောင်ပင်ကျောင်းရှိ သိမ်ကျောင်းဆောင်ခေါင်းမိုးနှင့် တံခါးပေါက်များပျက်စီးသွားသည်ဟု ၎င်းက ဆက်ပြောသည်။
ထိခိုက်သေဆုံးမှုအခြေအနေများနှင့်ပတ်သတ်၍ သံလွင်ခက်မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ယမန့်နေ့ညတွင် ပစ်ခတ်သံများအပြင်းအထန်ကြားရသော်လည်း ယနေ့မနက်ပိုင်းတွင် ပစ်ခတ်သံအချို့ကြားရသည်ဟု မိုးကုတ်အရှေ့ပိုင်းနေထိုင်သူ အမျိုးသမီးတစ်ဦးကဆိုသည်။
လတ်တလော မိုးကုတ်မြို့နယ်၊ အရှေ့ပိုင်းတွင် ဆန်ဝယ်ယူရန်ခက်ခဲနေပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းတချို့ ပြတ်တောက်နေသည်ဟု ဒေသခံများထံက သိရသည်။
မိုးကုတ်မြို့(အနောက်ပိုင်း)ကို တအာင်းတပ်မတော် TNLA က ထိန်းချုပ်ထားပြီး မိုးကုတ်မြိုနယ် မိုင်တိုင် (၅) ၊ အိုက်ဆောင်တောင်အနီးတဝိုက်တွင် TNLA နှင့် စစ်ကောင်စီတပ် လပခ၊ ခလရ (၈၈၊ ၁၄၈) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု ထုတ်ပြန်ထားသည်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြိုနှင့် လားရှိးမြို့နယ်တို့တွင် တိုက်ပွဲကာလ (၁၂) ရက်အတွင်း စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၄၄) ဉီးသေဆုံးပြီး (၅၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ၏ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ- ညောင်ကားရား(ခေါ် ) ညောင်ပင်ကျောင်းရှိ ပျက်ဆီးသွားသည့် သိမ်ကျောင်းဆောင်တစ်ချို့။