ယမင်းဖူးပွင့်အောင်
ဇူလိုင် ၉၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် စံချိန်တင်မြစ်ရေမြင့်တက်နေပြီး မြေနိမ့်ပိုင်းအိမ်များနှင့်ချင်းတွင်းမြစ်ကမ်းဘေးရှိ အိမ်များသည် ခေါင်မိုးအထိရေနစ်မြုပ်နေခြင်းကြောင့် သောက်သုံးရေများ အခက်အခဲများရှိနေသည်ဟု ပရဟိတအသင်းဝင်များထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်း တွင်းမြစ်ရေမြင့်တက်ကာ ဟုမ္မလင်းမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“တစ်မြို့လုံးပဲ။ မြို့ပြင်ရော။ လွတ်တာဆိုလို့ တောင်ပေါ်ပေါ့နော်။ ကုန်းဘက်တွေပဲလွတ်တာ။ မြစ်ကမ်းနားဘေး တောက်လျှောက်အကုန်မြုပ်တာပဲ။ ဒီ့ထက်ပိုပြီး တက်ရင်တော့ တော်တော်လေးဒုက္ခရောက်ကြမှာ။ အဓိကကတော့ ရေပဲ။ ရေမြုပ်သွားတဲ့အိမ်တွေကို ရေပုံးနဲ့လိုက်ပို့ပေးနေတယ်။ ကုန်ခြောက် အစာခြောက်တွေလည်းပို့ပေးနေတယ်” ဟု ဟုမ္မလင်းမြို့မှ ပရဟိတစ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ဟုမ္မလင်းမြို့နေပြည်သူများသည် ကုန်းမြင့်ပိုင်းရှိနေအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် ရွှေ့ပြောင်းခို လှုံနေကြပြီး အထပ်မြင့်အိမ်ရှိသူများကလည်း အိမ်အပေါ်ထပ်တွင် နေထိုင်နေကြသည်ဟု ဒေသခံများထံက သိရသည်။
ဒေသခံတစ်ဦးက “မြို့ထဲကနေပြီး ပြောင်းသွားကြတဲ့လူတွေအများကြီးပဲ။ ကုန်းမြင့်ဘက်တွေ ဘုန်းကြီးကျောင်းတွေ။ မိတ်ဆွေတွေအိမ်မှာ အကုန်ရွှေ့နေကြတယ်။ အိမ်မြင့်တဲ့လူတွေကတော့ အပေါ်ထပ်မှာနေနေတယ်။ ဒီထက်ပိုပြီး မြစ်ရေမြင့်တက်လာရင်တော့ သူတို့လည်းပြောင်းရမှာပေါ့” ဟုပြောသည်။
စစ်ကောင်စီ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယနေ့တွင် ဟုမ္မလင်းမြို့သည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေအမှတ်တွင် ဆက်ရှိနေမည်ဟု ယနေ့နေ့လည်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ပုံစာ – ရေဘေးသင့် ပြည်သူများကို ကူညီနေသည့် နာဂလူငယ်များ။ ဓာတ်ပုံ – Naga Baptist Youths, Homalin