နန်းဆုပန်ခန့်
ဇူလိုင် ၉၊ ၂၀၂၄။
မိုးကုတ်- မန္တလေးလမ်းပိုင်း၊ လိပ်ကျ-ကျောက်ဖြူရွာအကြားတွင် ပိတ်မိနေသည့် မိုးကုတ်စစ်ရှောင်များ ကားလမ်းခတ္တပြန်ပွင့်၍ တိုက်ပွဲအခြေအနေကြည့်ကာ ကြိုကြားကြိုကြား လာသွားနေကြရသည်ဟု စစ်ရှောင်တစ်ချို့ထံကသိရသည်။
မိုးကုတ်- မန္တလေးလမ်းပိုင်းရှိ လိပ်ကျရွာနှင့် ကျောက်ဖြူလမ်းချင်းဆက် ဇွန်လ ၃၀ ရက်မှ ယနေ့မနက် ၁၀ နာရီ အထိ ရွာချင်းဆက်လမ်းပိုင်းပိတ်ထားခဲ့ပြီး ယနေ့နေ့လည်တွင် လမ်းပြန်လည်ဖွင့်၍ ကျောက်ဖြူ၊ ကြက်ရိုးပင်၊ ချောင်းကြီး၊ သရက်ချောင်း၊ ကျည်တောကပေါက်၊ နွယ်ရုံ၊ လက်ပံလှစသည့်ကျေးရွာများတွင် တိုက်ပွဲတစ်ချို့ဖြစ်ပွား၍ အခြေအနေကြည့်ကာ သွားလာနေရခြင်းဖြစ်သည်။
“မနက်က သွားတဲ့လူတွေကလေ သရက်ချောင်းတံတားကို ကျော်သွားပြီတဲ့။ လက်ပံလှရွာအထိဖွင့်မယ်လို့ပြောတာလေ။ ဒါတောင်မှ မန္တလေးအထိ မရောက်သေးဘူး။ လမ်းဘယ်အထိရောက်မလဲကတော့ မသိသေးဘူးနော်” ဟု မိုးကုတ်အနောက်ဘက်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ဇရပ်ကွင်းနှင့် လိပ်ကျကျေးရွာတွင် ပိတ်မိနေသူများမှာ ခရီးသွားပြည်သူနှင့် မိုးကုတ်အနောက်ဖက်မှ စစ်ရှောင်အများစု ပါဝင်နေပြီး ကားအစီးရေ ၃၀၀ ထက်မနည်းရှိသည်ဟု ဇရပ်ကွင်းတွင်ပိတ်မိနေသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “လူဦးရေကခန့်မှန်းရခက်တယ်။ ကားအစီးရေ ၃၀၀ ကျော်လောက်ရှိတယ်။ ပြီးတော့ လိုင်းကားတွေ၊ ကုန်တင်ကားတွေ အကုန်လုံး။ ဇရပ်ကွင်းမှာကိုက မနည်းဘူး။ အများစုက မိုးကုတ်က စစ်ရှောင်တွေများတယ်” ဟု ပြောသည်။
ဇရပ်ကွင်းအနီးအနားမှ စစ်ရှောင်များကို ဇရပ်ကွင်းဒေသခံများနှင့် လူမှုကူညီရေးအသင်းများမှ ကျွေးမွေးလှူဒါန်းပေးနေသည်ဟု စစ်ရှောင်များက ဆိုသည်။
ပုံစာ – လိပ်ကျ-ကျောက်ဖြူရွာအကြားတွင် ပိတ်မိနေသည့် မိုးကုတ်စစ်ရှောင်များကားလမ်း။ ဓာတ်ပုံ- အိုလီဗာ။