မေသံလွင်
ဇူလိုင် ၉၊ ၂၀၂၄။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးက ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒရုန်း၊လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ဒေသခံသုံးဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန့်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဘာဘူကုန်းကျေးရွာနှင့် ရမ်းမကျန်းကျေးရွာကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ခင်၊ ကြိတ်ကွင်း၊ လေးအိမ်စုကျေးရွာများအတွင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် လေးအိမ်စုကျေးရွာက အသက် ၃၃ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
“မနေ့က နေ့လည်လောက်မှာ ဒရုန်း ၂ စီးနဲ့ လာကြဲသွားတာ။ ရွာက အိမ်ပေါ် တည့်တည့်ကျတာ။ အဲ့အိမ်က သူရဲ့မိန်းမနဲ့ ညီသေသွားတယ်” ဟု လေးအိမ်စုကျေးရွာဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်တွင် ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုတ်အခြေစိုက် ခမရ-၂၆၄ တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာက အသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
ညောင်လေးပင်မြို့အခြေစိုက် ခမရ – ၂၀၊ ပိန်းဇလုပ် အခြေစိုက် ခလရ – ၂၆၄ နှင့် ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာ အခြေ စိုက် ခမရ- ၃၀၇ စသည့် စစ်ကောင်စီတပ်များက ညောင်လေးပင်ခရိုင်နှင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ မြို့၊ ရပ်ကွက်နှင့် ကျေးရွာများကိုနေ့စဉ် လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်နေခြင်းလည်းဖြစ်သည်။
ပုံစာ – ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် လေးအိမ်စုကျေးရွာကနေအိမ်။ ဓာတ်ပုံ – ပေးပို့။