သံလွင်ခက်
ဇူလိုင် ၉၊ ၂၀၂၄
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေကြီးမှုနှင့် တိုက်ပွဲများကြောင့် နေရပ်စွန်ခွာကြရသည့် စစ်ဘေးရှောင်များနှင့် ရေဘေးရှောင်ထောင်ချီ အကူအညီများလိုအပ်နေသည်ဟု ဒေသလူမှုကူညီရေးအသင်းတစ်ချို့ထံက သိရသည်။
လတ်တလောတွင် ရေဘေးရှောင်နှင့် စစ်ဘေးရှောင် လူဦးရေ ၁,၀၀၀ ဝန်းကျင်သည် ရေဘေးရှောင်စခန်းများ၊ နီးစပ်ရာဆွေ မျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် နေထိုင်လျက်ရှိသည်ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဗန်းမော်မြို့သည် စိုးရိမ်ရေ အမှတ် ၁၁၅၀ စင်တီမီတာ (၃၇.၇၃ ပေ) အထိရောက်ရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဗန်းမော်မှာက နဂိုတည်းက စစ်ဘေးရှောင်တွေလည်းရှိတယ်။ အခုက ရေဘေးရှောင်တွေပါ ရောက်လာတော့ သူတို့အတွက် အဓိကတော့ ကယ်ဆယ်ရေးပစ္စည်း၊ စားသောက်ကုန်တွေလိုတာပေါ့။ နေ့တိုင်း ထမင်းဝေဖို့က မဖြစ်နိုင်ဘူးလေ။ သူတို့မှာ အခက်အခဲရှိတာပေ့ါ” ဟု ၎င်းက ပြောသည်။
ယနေ့တွင် စိုးရိမ်ရေအမှတ် အနုတ် ၂၄ စင်တီမီတာ (-၀.၇၉ ပေ) အထိကျဆင်းခဲ့သည်ဟု မိုးဇလက ယနေ့တွင်ထုတ်ပြန် ထားသည်။ နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်အောက် ကျဆင်းနိုင်သည်ဟု ဖော်ပြထားသည်။
“အခုက စိုးရိမ်ရေအမှတ်ကျသွားပေမယ့် တစ်ချို့နေရာတွေက ရေမကျသေးဘူး။ ရေက နောက်အပတ်လောက် ကျမယ်လို့ ခန့်မှန်းထားတာ” ဟု ပရဟိတအဖွဲ့ကတာဝန်ရှိသူက ပြောသည်။
ဧရာဝတီမြစ်ရေကြီးမှုနဲ့ပတ်သက်ပြီး နှစ်ရက်ခန့်ကြိုတင်အသိပေးနိုင်ခဲ့သော်လည်း လျင်လျင်မြန်မြန် မြစ်ရေတက်လာခြင်း ကြောင့် ဗန်းမော်မြို့တွင် အနည်းဆုံးရပ်ကွက်ငါးခုနှင့် ကျေးရွာအများစုရေနစ်မြှုပ်ခဲ့ရပြီး ပစ္စည်းဆုံးရှုံးမှုများရှိခဲ့သည်ဟု ပရဟိတအဖွဲ့များထံက သိရသည်။
ဓာတ်ပုံ – သုညသုခပရဟိတလူငယ်အသင်း