သံတွဲမြုံပြင်ရွာ ဗုံးကြဲခံရပြီး ၁၄ နှစ်အရွယ်ကလေးတစ်ဦးအပါ ဒေသခံ ၅ ဦးထိခိုက်
**************
ခင်သရဖီဦး
ဇူလိုင် ၃၊ ၂၀၂၄
ရခိုင်ပြည်၊ သံတွဲငပလီတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြုံပြင်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲခဲ့သဖြင့် အသက် ၁၄ နှစ် အရွယ်ကလေးတစ်ဦးအပါ ဒေသခံအမျိုးသမီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ထံက သိရသည်။
“အခု တိုက်ပွဲဖြစ်တဲ့နေရာနဲ့က ၄ မိုင်လောက်တောင် ဝေးတယ်။ တိုက်ပွဲလည်းမဖြစ်ပဲ ဒီအတိုင်းဘာမှမဖြစ်ပဲ လာချသွားတာပါ။ အမျိုးသမီးသက်ကြီးပိုင်တွေလည်းပါတယ်။ ဒဏ်ရာကတော့ရသွားတာ” ဟု ဒေသခံတစ်ဦးက သံလွင်ခက် ကို ပြောသည်။
ဒဏ်ရာရရှိသွားသူများတွင် အသက် (၁၄) နှစ်၊ (၁၈) နှစ်၊ (၂၁) နှစ်၊ (၄၅) နှစ် အရွယ်အမျိုးသမီးများနှင့် အသက် ၇၆ နှစ် အရွယ်အဖွားတစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။
ယခုရက်ပိုင်းတွင်လည်း အာရက္ခတပ်တော်- AA မှ ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခလရ ၅၅ နှင့် ခမရ ၅၆၆ တပ်တို့ကို သိမ်းပိုက်နိုင်ရေးအတွက် နေစဉ်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်ဟု သံတွဲဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
”AA ကလည်း ဆက်လက်ထိုးစစ်လုပ်နေတာပေါ့။ စစ်တပ်ကလည်း ဂျက်နဲ့ရော ဒရုန်းနဲ့ရော နေ့ညမပြတ်နေ့တိုင်း ပစ်နေတာ။ တရက်မှ မပြတ်ဘူး။ အခုရက်ပိုင်းပိုပြီး ပစ်နေတာပါ” ဟု ၎င်းက ဆိုသည်။
ယခင်လများက စစ်ကောင်စီတပ်စွဲခဲ့သည့် မြုံပြင်ကျေးရွာမှ ၂ မိုင်ခန့်ဝေးသည့် ဘားတောင်ကို AA ကသိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်နှင့် AA တို့မှာ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစတင်ကာ သံတွဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
****
Telegram- > https://t.me/ThanLwinKhetNews/4925
YouTube -> https://youtu.be/Ir8-ctjMetc?si=RLNUmY8IUqPWifQp
Website -> https://thanlwinkhet.net/?p=10685